စစ်အစိုးရ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုများ စုံစမ်းရေး အီးယူတဖွဲ့လုံးထောက်ခံဖို့ တောင်းဆို

မြန်မာစစ်အစိုးရ ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်စု အပေါ် ချိုးဖောက်တဲ့ ရာဇဝတ်မှုတွေကို ကုလသမဂ္ဂကော်မရှင်ဖွဲ့ စုံစမ်းစစ်ဆေး ရေးကိစ္စကို အထွေထွေညီလာခံမှာ ဆုံးဖြတ်ရာမှာ ဥရောပသမဂ္ဂ တခုလုံး ပါဝင် ထောက်ခံလာအောင် ဗြိတိန် အစိုးရအနေနဲ့ ဖိအားပေး တိုက်တွန်းဖို့ Burma Campaign UK က တောင်းဆိုလိုက်ပါတယ်။

၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမြအေး၏ သမီး မဝေနှင်းပွင့်သုန် (ရှေ့ဆုံး) က ဖခင်၏ ဓာတ်ပုံ ပိုစတာကို ကိုင်ဆောင်ကာ Burma Campaign UK အဖွဲ့ဝင်များနှင့်အတူ လန်ဒန်မြို့ရှိ ဥရောပ ၆ နိုင်ငံ သံရုံးများကို မတ်လ ၁၀ ရက်နေ့က လှည့်လည် ဆန္ဒပြ တောင်းဆိုနေပုံ ဖြစ်ပါသည်။ (Photo: Courtesy of Burma Campaign UK) Photo: Courtesy of Burma Campaign UK

လာမယ့် ဧပြီလ ၁၂ ရက်နေ့မှာ ကျင်းပမယ့် EU နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ EU ရဲ့ မူဝါဒသစ်ကို ချမှတ်မှာဖြစ်သလို မြန်မာစစ်အစိုးရအပေါ် စုံစမ်းရေးကော်မရှင် ဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီးတော့လည်း ထုတ်ပြန်ကြေညာမှာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို တိတိကျကျ စုံစမ်းအရေးယူ ဆောင်ရွက်နိုင်အောင် အခုလို တောင်းဆိုရတာ ဖြစ်ကြောင်း ဗြိတိန်အခြေစိုက် Burma Campaign UK အဖွဲ့က မဝေနှင်းပွင့်သုန်က ပြောပါတယ်။

“မြန်မာနိုင်ငံတွင်းမှာ ဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေပေါ့၊ နိုင်ငံရေး အကျဉ်းသား အယောက် ၂ ထောင်ကျော် ရှိနေတယ်၊ တိုင်းရင်းသားဒေသတွေမှာ အဓမ္မခိုင်းစေမှုတွေ၊ မုဒိန်းကျင့်တာတွေ သတ်ဖြတ်တာတွေဟာ နိုင်ငံတကာ ဥပဒေနဲ့ လူ့အခွင့်အရေး ချိုးဖောက်ရာရောက်တယ်။ ဒါတွေအကုန်လုံးကို တိတိကျကျ စုံစမ်းစစ်ဆေးသင့်တယ် ဆိုပြီး တောင်းဆိုတာပါ”

မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂအနေနဲ့ စုံစမ်းရေးကော်မရှင် ဖွဲ့စည်း စစ်ဆေးဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်က တောင်းဆိုခဲ့တာ တနှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် EU အဖွဲ့ဝင် နိုင်ငံတွေထဲက ၁၂ နိုင်ငံဆီကသာ ထောက်ခံချက် ရရှိခဲ့ပြီး EU အဖွဲ့ဝင်နိုင်ငံတွေ အားလုံး ပါဝင်လာဖို့အတွက် ဗြိတိန်အစိုးရ အနေနဲ့ ဖိအားပေး တိုက်တွန်းဖို့ တောင်းဆိုတာဖြစ်ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ ၂ဝဝ၈ ခုနှစ်ကလည်း မြန်မာနိုင်ငံအပေါ် လက်နက်ရောင်းချမှု ကမ္ဘာလုံးဆိုင်ရာ တားမြစ်ပိတ်ပင်ရေး အတွက် EU အဖွဲ့ဝင်နိုင်ငံတွေ ပါဝင်လာအောင် ဗြိတိန်အစိုးရက အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။

ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး Burma Campaign UK အဖွဲ့က မဝေနှင်းပွင့်သုန်ကို မခင်ခင်အိ က ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org