ဦးခွန်ထွန်းဦးမွေးနေ့ တိုင်းရင်းသားခေါင်းဆောင်တွေ ကျင်းပ
ပူတာအို အကျဉ်းထောင်မှာ နှစ်ရှည် ထောင်ဒဏ် ကျခံနေရတဲ့ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦးရဲ့ စက်တင်ဘာလ ၁၁ ရက်နေ့မှာ ကျရောက်တဲ့ ၆၇ နှစ်မြောက်မွေးနေ့ အခမ်းအနားတခုကို ရန်ကုန်မြို့မှာ တိုင်းရင်းသား ခေါင်းဆောင်တွေ စုပေါင်းကျင်းပခဲ့ ကြတယ်လို့ သိရပါတယ်။
-
2010-09-11 -
-
-
Your browser doesn’t support HTML5 audio
ဦးခွန်ထွန်းဦးရဲ့ ၆၇ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်မြို့ ၈ မိုင်လမ်းဆုံက ပန်းခြံအတွင်းမှာ ရှိတဲ့ ရွှေဘဲ စားသောက်ဆိုင်မှာ နေ့လည် ၁၂ နာရီက SNLD အဖွဲ့က ခေါင်းဆောင်တွေကနေ ဦးဆောင် ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲကို ပြည်တောင်စု တိုင်းရင်းသားများအဖွဲ့ချုပ် UNA က ခေါင်းဆောင်တွေနဲ့ မျိုးဆက်သစ် လူငယ်တချို့လည်း တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
ဦးခွန်ထွန်းဦးဟာ ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့မှာ ၁၉၄၃ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့က အဖ စပ်ကြာဇုံနဲ့ အမိ စပ်ရွှေယုံ တို့ကနေ မွေးဖွားပြီး အထက်တန်းကျောင်းသား ဘဝ ကတည်းက ရှမ်းအမျိုးသားရေးအတွက် တောင်ကြီးမြို့မှာရှိတဲ့ Tai Youth လို့ ခေါ်တဲ့ ရှမ်းလူငယ်အဖွဲ့မှာ ပါဝင်လှုပ်ရှား လာခဲ့သူတဦး ဖြစ်သလို ရန်ကုန်တက္ကသိုလ် ရောက်တဲ့အချိန်မှာလည်း ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအသင်းမှာလည်း ဥက္ကဌ အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သူတဦး ဖြစ်ပါတယ်။
၁၉၉၀ ပါတီစုံ ဒီမိုကရေစီ ရွေကောက်ပွဲမှာ သီပေါ မဲဆန္ဒနယ်မြေ အမှတ် ၁ ရဲ့ ပြည်သူ့လွတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြောက်ခံရပြီးနောက် ၁၉၉၃ ခုနှစ်မှာ စစ်အစိုးရ ကျင်းပတဲ့ အမျိုးသား ညီလာခံကို တက်ရောက်ခဲ့ပြီး တိုင်းရင်းသားအားလုံး ကိုယ်ပိုင် ပြဌာန်းခွင့်နဲ့ တန်းတူညီခွင့် ရရေးတွေကို အဓိကထား ဆွေးနွေးခဲ့သူအဖြစ် ထင်ရှားခဲ့တဲ့ ပုဂ္ဂိုလ်တဦး ဖြစ်တယ်လို့ ဒီကနေ့ အခမ်းအနားကို တက်ရောက်ခဲ့တဲ့ UNA က ဦးစောဟယ်ရီက ပြောပါတယ်။
၂၀ဝ၅ ခုနှစ် ဖေဖေါ်ဝါရီလမှာ ရှမ်းပြည် အတိုင်ပင်ခံကောင်စီ ဖွဲ့စည်းရေးနဲ့ ဆက်စပ်ပြီး အာဏာပိုင်တွေက ဦးခွန်ထွန်းဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ နိုဝင်ဘာလ ၃ ရက်နေ့မှာ အင်းစိန် အကျဉ်းထောင်တွင်း တရားရုံးက ဦးခွန်ထွန်းဦးကို ထောင်ဒဏ် ၉၃ နှစ် ချမှတ်ပြီး ပူတာအို အကျဉ်းထောင်ကို ပို့ခဲ့ပါတယ်။
လောလောဆယ် ပူတာအို အကျဉ်းထောင်ထဲမှာ ကျန်းမာရေး အခြေအနေ မကောင်းသလို မိသားစုနဲ့ ဝေးလံတဲ့ အကျဉ်းထောင် ဖြစ်တဲ့အတွက် ဦးခွန်ထွန်းဦးရဲ့ မိသားစု သွားရောက်တွေ့ဆုံဖို့ အခက်အခဲတွေ ရှိတယ်လို့ လည်း သိရပါတယ်။
ဒီအကြောင်း အပြည့်အစုံကို အာအက်ဖ်အေ သတင်းထောက် ဦးအောင်မိုးမြင့် က စုစည်း တင်ပြထားပါတယ်။
စုစည်းတင်ပြချက်။ |
|
အသံဖိုင်ယူရန်။ |