ပြည်ထောင်စုအားကောင်းရေးမူနဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်မယ်လို့ တိုင်းရင်းသားအဖွဲ့ ကိုးဖွဲ့ ကြေညာ

အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု အားကောင်းစေရေးအတွက် ဒီအဖွဲ့ ကိုးဖွဲ့က လက်တွဲဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ဝ၂၃ ခုနှစ် ဇွန်လ ၂၁ ရက်နေ့က ထိုင်း-မြန်မာနယ်စပ် လွတ်မြောက်နယ်မြေတစ်နေရာတွင် ကျင်းပခဲ့သည့် ကရင်နီအမျိုးသားနေ့အခမ်းအနား မြင်ကွင်းတစ်ခု။ KNIC

အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် ပြည်နယ်အားကောင်းရေးမူမှ ပြည်ထောင်စုအားကောင်းရေး (Bottom up Federalism) မူနဲ့ သွားဖို့ သဘောတူညီချက် လေးချက် ချမှတ်နိုင်ခဲ့တယ်လို့ KNU၊ KNPP နဲ့ CNF အပါအဝင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ ကိုးဖွဲ့က စက်တင်ဘာလ ၁၉ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ပြည်နယ်အားကောင်းရေးကို အရင်တည်ဆောက်ပြီးမှ ပြည်ထောင်စုအားကောင်းရေးကို သွားမယ်ဆိုတာ အကြိမ်ကြိမ်ဆွေးနွေးပြီးမှ သဘောတူချမှတ်ခဲ့တာလို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့ အတွင်းရေးမှူး (၂) ဦးအောင်ဆန်းမြင့်က RFA ကို ပြောပါတယ်။

“တော်လှန်ရေးအလွန်ကာလမှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရာမှာ ပြည်နယ်အားကောင်းရေးကနေမှ ပြည်ထောင်စုအားကောင်းရေးကို သွားမယ်၊ ပြည်နယ်တွေ၊ ပြည်ထောင်စုတွေ မရှိဘဲ ဖက်ဒရယ်ဆိုတာ ရှိလာတာ မဟုတ်ဘူး၊ အဲဒါကြောင့် ဖက်ဒရယ်တွေကသာ ဖက်ဒရယ်အားကောင်းခိုင်မာရေးကို အရင်တည်ဆောက်မယ်ဆိုရင် ဖက်ဒရယ်ပြည်ထောင်စုကလည်း အားကောင်းမယ်ဆိုတာ အကြိမ်ကြိမ်အခါခါ ဆွေးနွေးပြီးမှ ထုတ်ပြန်ခဲ့တာပေါ့”

အချုပ်အခြာအာဏာရဲ့ မူလပိုင်ရှင်တွေဟာ ပြည်နယ်/ဖက်ဒရယ်ယူနစ်တွေရဲ့ ပြည်သူလူထုဖြစ်ပြီး တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အခြေခံတဲ့ အချုပ်အခြာအာဏာ၊ သွေးစည်းညီညွတ်မှု၊ လူထုနဲ့အနီးဆုံးအာဏာနဲ့ အချိုးကျမှု အခြေခံမူတွေတိုင်း လုပ်ပိုင်ခွင့်အာဏာ ခွဲဝေတာကို ဆောင်ရွက်မယ်လို့ ဆိုပါတယ်။

ဒီသဘောတူညီချက်နဲ့ လုပ်ငန်းစဉ်တွေကို အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု အားကောင်းစေရေးအတွက် ဒီအဖွဲ့ ကိုးဖွဲ့က လက်တွဲဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

တော်လှန်ရေးအင်အားစုတွေအကြား ဆက်လက်ညှိနှိုင်းဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေကိုလည်း ဆွေးနွေးချမှတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အခုသဘောတူညီခဲ့တဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေထဲမှာ ကရင်မျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC)၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC)၊ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး (NMSP-AD)၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)၊ တအာင်း နိုင်ငံရေးအတိုင်ပင်ခံကောင်စီ (TPCC)နဲ့ အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံ (WLB) တို့ပါဝင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org