မန္တလေးနှင့် မေမြို့ အကြား အိမ်ခြံမြေဈေး နေ့ချင်းညချင်း ထိုးတက်

မေမြို့လို့ခေါ်တဲ့ ပြင်ဦးလွင် တဝိုက်က ရတနာပုံ ဆိုင်ဘာစီးတီးနဲ့ မန္တလေးဖက်က အာဆီယံလမ်းမကြီး ဖောက်လုပ်မဲ့ နေရာတွေမှာ အိမ်ခြံမြေ ဈေးတွေ ထူးထူူးခြားခြား ကောင်းနေတယ်လို့ သိရပါတယ်။

စစ်အစိုးရက ပြင်ဦးလွင်ဟု အမည်ပြောင်းထားသော မေမြို့တွင် ဆောက်ပြီးခါစ လူနေတိုက်ခန်း အဆောက်အအုံသစ် တခုဖြစ်ပါသည်။ (Photo: RFA / Tyler Chapman) Photo: RFA / Tyler Chapman

တပြည်လုံး ခြုံကြည့်ရင် မန္တလေးဖက်မှာ အိမ်ခြံမြေဈေး သိပ်ကောင်းနေပြီး သိန်း ထောင်နဲ့ချီ ပေးနေရတယ်လို့ အိမ်ခြံမြေ အရောင်းအဝယ် လုပ်ကိုင်သူ တဦးက ပြောပါတယ်။ ပြင်ဦးလွင်ခေါ် မေမြို့ တဝိုက်မှာ မြေဈေးတွေ ကောင်းနေတဲ့အကြောင်းကို ပြင်စာမှာ ခြံမြေ ရှိသူတယောက်ကလည်း ပြောပြပါတယ်။

ပြောင်းဖူးစိုက်သူတွေ ပန်းစိုက်သူတွေဟာ မြေဈေးကောင်းလို့ မိမိပိုင်မြေတွေ ရောင်းချကြပြီး အိမ်ဆောက်သူဆောက်၊ လုပ်ငန်းမှာ ငွေမြှုပ်နှံသူ မြှုပ်နှံကြတယ်လို့ ဆိုပါတယ်။

ပြင်စာအထက်ဘက်မှာ စက်မှုတက္ကသိုလ် ရှိပြီး နိုင်ငံတော် စီမံချက်နဲ့ အဆောက်အဦးတွေ ဆောက်လုပ်နေပါတယ်။ လောလောဆယ်မှာတော့ ရတနာပုံ ဆိုင်ဘာ စီးတီးထဲက အဆောက်အအုံတွေကို စက်မှု တက္ကသိုလ်က ငှားပြီး ကျောင်းဖွင့်လှစ်နေပါတယ်။

ကျောင်းဆောင် မပေးတဲ့အတွက် အဝေးက လာရောက် ပညာသင်ကြားသူတွေက အပြင်ဆောင်မှာ ငှားရမ်း နေထိုင်ရတာမို့ လုပ်ငန်းရှင်တွေက ဘော်ဒါဆောင် လာရောက် ဆောက်လုပ်ကြတဲ့အတွက် မြေ အရောင်းအဝယ် ဖြစ်ထွန်းတာလည်း ဖြစ်တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org