သစ်တောပညာရှင်ဆရာကြီးဦးအုန်း ကွယ်လွန်
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမား သစ်တောပညာရှင် ဆရာကြီးဦးအုန်းဟာ ဒီနေ့မနက် ၆ နာရီလောက်က ရန်ကုန်မြို့ ကျိုက်ဝိုင်းဘုရားလမ်းနေအိမ်မှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားပါတယ်။
-
2018-07-11 -
-
-
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမား သစ်တောပညာရှင် ဆရာကြီးဦးအုန်းဟာ ဒီနေ့မနက် ၆ နာရီလောက်က ရန်ကုန်မြို့ ကျိုက်ဝိုင်းဘုရားလမ်းနေအိမ်မှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားပါတယ်။
ကွယ်လွန်ချိန်မှာ အသက် ၉၁ နှစ်ရှိပြီဖြစ်တဲ့ ဆရာကြီးဦးအုန်းဟာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍမှာ တာဝန်ကျေခဲ့တယ်လို့ မြန်မာအစိမ်းရောင်ကွန်ရက် (Myanmar Green Network ) တာဝန်ခံ ဒေါ်ဒေဝီသန့်စင်က ပြောပါတယ်။
“သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေအတွက် ဆုံးရှုံးမှုတခု ဖြစ်သလိုပဲ၊ မြန်မာနိုင်ငံအတွက်လည်း ဦးအုန်းက ဂုဏ်ဆောင်ခဲ့တယ်။ လူတရာရွေးတဲ့အထဲမှာ ‘ကမ္ဘာမြေချစ်သူ’ ဆုကို ဆရာကြီးရခဲ့တယ်။ စံပြအနေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအပေါ်မှာ တာဝန်ကျေပြွန်ခဲ့တဲ့ ပညာရှင်တယောက် ဖြစ်ပါတယ်”
ဦးအုန်းဟာ FREDA- Forest Resources Environmental Development Association သစ်တော သယံဇာတပတ်ဝန်းကျင် ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ဖူးပြီး၊ ပုပ္ပားတောင် စိမ်းလန်းစိုပြည်လာဖို့နဲ့၊ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ ဒီရေတောပျိုးထောင်ရေး ကြိုးပမ်းဆောင်ရွက်တဲ့အတွက် ဂျပန်နိုင်ငံက ချီးမြှင့်တဲ့ “ကမ္ဘာမြေချစ်သူ” ဆုကို ၂ဝဝ၅ ခုနှစ်က ရရှိခဲ့ပါတယ်။
စစ်ကိုင်းမြို့ဇာတိဖြစ်တဲ့ ဆရာကြီးဦးအုန်းဟာ ၁၉၅၁ ခုနှစ်မှာ မန္တလေးတက္ကသိုလ်ကနေ သိပ္ပံဘွဲ့ ရရှိခဲ့ပြီး၊ ၁၉၅၂ ကနေ ၁၉၅၆ ခုနှစ်အထိ ဗြိတိန်နိုင်ငံ Wales တက္ကသိုလ်မှာ သစ်တောပညာရပ် ဆည်းပူးခဲ့ပါတယ်။
၁၉၅၇ ခုနှစ်ကနေ ၁၉၈၈ ခုနှစ်အထိ သစ်တောဦးစီးဌာနမှာ သစ်တောဝန်ထောက်အနေနဲ့ရော ညွှန်ကြားရေးမှူး အဖြစ်ပါ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
အငြိမ်းစားယူပြီးနောက် သစ်တောဦးစီးဌာနရဲ့ အကြံပေးပုဂ္ဂိုလ် အဖြစ် တာဝန် ထမ်းဆောင်ခဲ့တဲ့အပြင် ဥရောပ၊ အမေရိကန်နဲ့ ပြည်ပနိုင်ငံတွေမှာ သစ်တောရေးရာ သုတေသန၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့၊ အမျိုးသားဥယျာဉ် စီမံခန့်ခွဲရေး ပညာရပ်တွေကို လေ့လာဆည်းပူးခဲ့ပါတယ်။
ဆရာကြီးဦးအုန်းဟာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိစ္စရပ်တွေအတွက် စစ်အစိုးရလက်ထက်မှာ မကြောက်မရွံ့ ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့သူလည်း ဖြစ်ပါတယ်။
ဦးအုန်းရဲ့ ရုပ်ကလာပ်ကို ဇူလိုင်လ ၁၃ ရက်နေ့ မွန်းလွဲ ၃ နာရီမှာ ရေဝေးသုသာန်မှာ သြင်္ဂိုဟ်ပါမယ်။