Eleven မီဒီယာက အယ်ဒီတာ ၃ ဦး ငွေကျပ် သိန်း ၁၀၀ စီ နဲ့ အာမခံရ
ရန်ကုန်တိုင်းအစိုးရက နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) နဲ့ တရားစွဲခံခဲ့ရတဲ့ Eleven မီဒီယာက အယ်ဒီတာ ၃ ဦးကို တာမွေမြို့နယ် တရားရုံးက တစ်ဦးကို ငွေကျပ် သိန်း ၁၀၀ အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။
-
2018-10-26 -
-
-
ရန်ကုန်တိုင်းအစိုးရက နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) နဲ့ တရားစွဲခံခဲ့ရတဲ့ Eleven မီဒီယာက အယ်ဒီတာ ၃ ဦးကို တာမွေမြို့နယ် တရားရုံးက တစ်ဦးကို ငွေကျပ် သိန်း ၁၀၀ အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။
ဆောင်းပါးရေးသားသူ အကြီးတန်းအယ်ဒီတာ ကိုဖြိုးဝေကတော့ တိုင်းဒေသကြီး အစိုးရက တောင်းဆိုထားသလို တောင်းပန်ဖို့မရှိဘဲ အမှုကို ဥပဒေအကြောင်းရ ဆက်လက်ရင်ဆိုင်သွားမယ်လို့ RFA ကို ပြောပါတယ်။
ဒီနေ့ တရားရုံးချိန်းကို တရားလိုဖြစ်တဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင်တော့ ကျန်းမာရေး အကြောင်းပြချက်နဲ့ လာရောက်ခဲ့တာ မရှိဘူးလို့ သိရပါတယ်။
ရန်ကုန်တိုင်းအစိုးရအဖွဲ့က အလဲဗင်းမီဒီယာ သတင်းသမားသုံးဦးကို တရားစွဲဆိုထားတာကို သတင်းမီဒီယာဥပဒေနဲ့ အညီဆောင်ရွက်ဖို့ နိုင်ငံတော်သမ္မတက အောက်တိုဘာလ ၁၇ ရက်နေ့က ညွှန်ကြားခဲ့ပါတယ်။
သတင်းမီဒီယာကောင်စီက ကိုင်တွယ်ဖြေရှင်းပေးနိုင်ဖို့ဆိုရင် ရန်ကုန်တိုင်းအစိုးရက တရားစွဲဆိုထားတဲ့ အမှုကို အမြန်ရုပ်သိမ်းဖို့လိုအပ်ကြောင်း သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌက ပြောကြားထားပြီး တိုင်းအစိုးရကတော့ Eleven က တောင်းပန်မှသာ အမှုကိုရုပ်သိမ်းမယ်လို့ အကြာင်းပြန်ထားပါတယ်။
အောက်တိုဘာလ ၈ ရက်နေ့ထုတ် Eleven မီဒီယာမှာ အကြီးတန်းအယ်ဒီတာ ဖြိုးေ၀ ရေးသားခဲ့တဲ့ "အမြဲရှုံးနေတဲ့ စက်သုံးဆီဆိုင်တွေ ပိတ်ရေး၊ ငွေချေးသူ ဘယ်သူမှန်းမသိတဲ့ ကျောင်းကားနဲ့ လူနာမည်ပေါက် ပြည်သူ့ရှယ်ယာ" သတင်းသုံးသပ်ချက်ဆောင်းပါးဟာ ရန်ကုန်တိုင်းအစိုးရကို အကြည်ညိုပျက်အောင်လုပ်တယ်ဆိုပြီး ပုဒ်မ ၅၀၅(ခ) နဲ့ တရားစွဲခဲ့တာဖြစ်ပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်လို့ RFA သတင်းထောက် ကိုထက်အာကာနဲ့ ကိုကျော်ဇောဝင်းတို့ သတင်းပေးပို့ထားပြီး ကိုထက်အာကာ တင်ပြထားတာကို နောက်ပိုင်းမှာ ထုတ်လွှင့်ဖို့ရှိပါတယ်။