ပညာရေးစနစ်ပြုပြင်ရေး ဆွေးနွေး ပွဲများ စစ်တွေနဲ့ ကော့သောင်းမှာ ကျင်းပ
မြန်မာနိုင်ငံ ပညာရေး ပြုပြင်ပြောင်းလဲ မှု နိုင်ငံလုံးဆိုင်ရာကွန်ရက်ဟာ ပညာရေး စနစ် ပြုပြင်ပြောင်းလဲရေးအတွက် အောက်ခြေအဆင့်ဒေသခံတွေရဲ့ အမြင်သဘောထားတွေကို ဒီနေ့ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ မေးမြန်းဆွေးနွေးခဲ့ပါတယ်။
-
2013-05-29 -
-
-
မြန်မာနိုင်ငံ ပညာရေး ပြုပြင်ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာ ကွန်ရက်ဟာ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး အတွက် အောက်ခြေအဆင့်ဒေသခံတွေရဲ့ အမြင်သဘောထားတွေကို ဒီနေ့ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ မေးမြန်းဆွေးနွေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၅ ရက်နေ့ကစလို့ သံတွဲခရိုင်၊ ကျောက်ဖြူခရိုင်တွေမှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး အခုနောက်ဆုံးအစီအစဉ်အဖြစ် စစ်တွေခရိုင်မှာ ပြုလုပ်တာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရခိုင်ပြည်နယ် ဒုတိယဥက္ကဌဖြစ်သူ ဦးစိုးလေးက RFA ကို ပြောပါတယ်။
"ကျနော်တို့ရခိုင်မှာဆိုရင် ၃ နေရာကျင်းပဖို့ စီစဉ်ပြီးတော့ လုပ်ထားပါတယ်၊ အဲတော့ ပြီးခဲ့တဲ့ ၂၅ ရက်မှာ သံတွဲခရိုင်မှာလုပ်ခဲ့တယ်၊ တစ်ခါ ၂၇ ရက်နေ့မှာ ကျောက်ဖြူခရိုင်မှာ လုပ်ခဲ့ပါတယ်၊ အခု ၂၉ ရက်နေ့ စစ်တွေခရိုင်ကတော့ ကျနော်တို့နောက်ဆုံးဖြစ်ပါတယ်"
မြန်မာနိုင်ငံ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးအတွက် အောက်ခြေဒေသခံတွေရဲ့ အမြင်တွေကိုသိရှိအောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကဦးစီးပြီး ပြည်နယ်နဲ့ တိုင်းအသီးသီးက မြို့နယ် ၂၀ ကျော်လောက်မှာ ဒေသခံတွေရဲ့ သဘောထားအမြင်တွေကို ရယူနေတာလို့ သိရပါတယ်။
လာမယ့် ပြည်ထောင်စု လွှတ်တော်မှာ ပညာရေးနဲ့ဆိုင်တဲ့ ဥပဒေသစ်တစ်ခု ပေါ်ပေါက်လာအောင် တင်သွင်းဆွေးနွေးသွားဖို့အတွက် ပြည်နယ်နဲ့ တိုင်းဒေသတွေမှာ လိုက်လံဆွေးနွေးနေတာဖြစ်ပြီး လာမယ့်ဇွန်လ ၈ ရက်နဲ့ ၉ ရက်နေ့တွေမှာ နိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံကို ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်က မျက်မမြင်ကျောင်းမှာ ကျင်းပမယ်လို့ သိရပါတယ်။
အလားတူ ပညာရေး ပြုပြင်ပြောင်းလဲရေး ဆွေးနွေးပွဲတစ်ရပ်ကို တနသာၤရီတိုင်း ကော့သောင်းမြို့မှာ မနေ့ကကျင်းပခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲမှာ ပညာရေးမူဝါဒဆိုင်ရာ အခြေခံမူ၊ မြန်မာနိုင်ငံရေးစနစ်ဖွဲ့စည်းပုံ အထွေထွေအကြံပြုချက်၊ ပညာရေးစီမံခန့်ခွဲမှုနဲ့ အုပ်ချုပ်ရေးဆိုင်ရာမူဝါဒ၊ သင်ရိုးညွှန်းတမ်းနဲ့ ဘာသာစကား သင်ကြားရေးဆိုင်ရာမူဝါဒ၊ အသက်မွေးဝမ်းကြောင်းဆိုင်ရာ ပညာရေးမူဝါဒစတဲ့ အကြောင်းအရာ ၈ ချက်ကို အဓိကဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။