နကသ ခေါင်းဆောင်တွေ ပညာရေးဝန်ကြီးနဲ့ တွေ့မယ်
မနေ့က အသစ်ဖွဲ့စည်းလိုက်တဲ့ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ် (န.က.သ) နဲ့ ပညာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး တို့ဟာ လာမယ့် မေလ ၂၉ ရက်နေ့မှာ ရန်ကုန်မြို့ သထုံလမ်းက အဆင့်မြင့်ပညာဦးစီးဌာနမှာ တွေ့ဆုံကြမှာ ဖြစ်ပါတယ်။
-
2016-05-26 -
-
-
မနေ့က အသစ်ဖွဲ့စည်းလိုက်တဲ့ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ် (န.က.သ) နဲ့ ပညာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး တို့ဟာ လာမယ့် မေလ ၂၉ ရက်နေ့မှာ ရန်ကုန်မြို့ သထုံလမ်းက အဆင့်မြင့်ပညာဦးစီးဌာနမှာ တွေ့ဆုံကြမှာ ဖြစ်ပါတယ်။
ပညာရေးဝန်ကြီးက ဖိတ်ကြားထးတာဖြစ်ပြီး ဘာတွေဆွေးနွေးမယ်ဆိုတာကို မသိရသေးကြောင်း ၊ ကျောင်းသားတွေဘက်က ကျောင်းသားသမဂ္ဂတွေ တရားဝင်ဖွဲ့စည်းခွင့် ရရှိရေးအတွက် တင်ပြသွားမယ်လို့ န.က.သ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ကိုဇေယျာလွင် က ပြောပါတယ်။
"ကျနော်တို့ အဆင့်မြင့်ပညာရေးဥပဒေထဲမှာ ကျောင်းသားသမဂ္ဂတွေ တရားဝင်မပါလာသေးခင်အချိန်မှာ တက္ကသိုလ်တွေထဲမှာ ကျောင်းသားသမဂ္ဂတွေ ရုံးခန်းတွေနဲ့ လွတ်လပ်စွာ လှုပ်ရှားနိုင်ခွင့်ရဖို့အတွက် ကျနော် တို့လိုအပ်တယ်ပေါ့၊ ဥပဒေအရ ပါလာနိုင်ဖို့အတွက်ကို အချိန်အားဖြင့် တစ်နှစ်ခွဲကျော်လောက်ကြာမယ့် ကာလ အတွင်းမှာ ကျနော်တို့ရပ်တည်နိုင်ဖို့ လိုအပ်တယ်၊ ဝန်ကြီးနဲ့ အဲ့ကိစ္စကို ဆွေးနွေးရလိမ့်မယ်၊ ဘာကြောင့်လဲ ဆိုတော့ ဥပဒေထဲမှာ မပါလာခဲ့ဘူးဆိုလို့ရှိရင် ကျနော်တို့ ရပ်တည်လှုပ်ရှားလို့မရဘူး၊ ယခင်ပုံစံအတိုင်းပဲ ပါချုပ်တွေနဲ့ ရန်ဖြစ်မယ်၊ ကျနော်တို့လှုပ်ရှားမှုတွေကို စောင့်ကြည့်မယ်၊ ဖိနှိပ်မှုတွေရှိနေဦးမှာပဲ၊ တက္ကသိုလ်တွေ ဒီဂရီတွေ ကောလိပ်တွေမှာ ကျောင်းသားသမဂ္ဂတွေ ကောင်းမွန်စွာရပ်တည်နိုင်ဖို့အတွက်ကို ကျနော်တို့ လိုလားတယ်"
နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ် နကသ ကို တက္ကသိုလ်ကျောင်းသားများသမဂ္ဂက ၁၆ ဦး၊ ဗမာနိုင်ငံလုံး ဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (မြေလတ်ဒေသ)က ၁၁ ဦး နဲ့ မနေ့က ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။
နကသ ဟာ ဒီမိုကရေစီ ပညာရေး ပြုပြင်ပြောင်းလဲရေး၊ ကျောင်းသားထု အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ၊ ကျောင်းသားသမဂ္ဂ တရားဝင်ဖွဲ့စည်းခွင့် ရရှိရေးတို့ကို ဆောင်ရွက်ဖို့အတွက် ရည်ရွယ်ဖွဲ့စည်းခဲ့တာလို့ မနေ့ က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။