မိုင်ဂျာယန် စည်းဝေးပွဲ ပထမနေ့ တိကျတဲ့ သဘောထား မရသေး
ကချင်ပြည်နယ် မိုင်ဂျာယန်မှာ မနေ့က စတင်ကျင်းပတဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့တွေ အစည်းအဝေးမှာ ပင်လုံသဘောတူညီချက်နဲ့ ပတ်သက်လို့ တိကျတဲ့ အဖြေသဘောထားတော့ မရသေးဘူးလို့ ကျင်းပရေးကော်မီတီဥက္ကဌ ကပြောကြားလိုက်ပါတယ်။
-
2016-07-27 -
-
-
ကချင်ပြည်နယ် မိုင်ဂျာယန်မှာ မနေ့က စတင်ကျင်းပတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့တွေ အစည်းအဝေးမှာ ပင်လုံသဘောတူညီချက်နဲ့ ပတ်သက်လို့ တိကျတဲ့ အဖြေသဘောထားတော့ မရသေးဘူးလို့ ကျင်းပရေးကော်မီတီဥက္ကဌ ကပြောကြားလိုက်ပါတယ်။
အစည်းအဝေး ပထမပိုင်းမှာ KIO ဥက္ကဌ ဗိုလ်ချုပ်အင်ဘန်လ၊ အစည်းအဝေးကျင်းပရေးကော်မီတီ ဥက္ကဌ ဦးခူးရယ် ၊ ကုလသမဂ္ဂ အထွေထွေအတွင်းမှုး ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် မစ္စတာ ဗီဂျေး နမ်ဘီးယား နဲ့ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အာရှရေးရာ အထူးသံတမန် တို့က အမှာစကားပြောကြပါတယ်။
ဒုတိယပိုင်း မှာတော့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း ကိုယ်စားလှယ်တွေက ၂၁ ရာစု ပင်လုံညီလာခံမတိုင်ခင် လက်နက်ကိုင်အဖွဲ့အစည်းတွေ သဘောထားတူညီဖို့ ဆွေးနွေးကြတဲ့အကြောင်း အစည်းအဝေးကျင်းပရေးကော်မီတီဥက္ကဌ ဦးခူးရယ်က မနေ့ညနေက ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
"ဒီနေ့ ပထမနေ့မှာတော့ ၂၁ ရာစု ပင်လုံညီလာခံမတိုင်ခင်မှာ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကြားထဲမှာ ဘုံသဘောထားရပ်တည်ချက်တွေ စုစည်းဖို့ဆိုတဲ့သဘောနဲ့ ၁၉၄၇ ခုနှစ် ပင်လုံတုန်းကပြုလုပ်ခဲ့တဲ့ ကတိကဝတ်တွေ စာချုပ်တွေ စိတ်ဓါတ်တွေနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေး ကြတာပါပဲ၊ ဟိုတုန်းကရှိခဲ့တဲ့ ကတိကဝတ်တွေ စာချုပ်တွေ စိတ်ဓါတ်တွေကို အခြေခံပြီးတော့ ကနေ့ ၂၁ ရာစုကာလမှာ ဘယ်လိုဆက်စပ်ပြီးတော့ လုပ်လို့ရတယ် မရဘူးဆိုတာကို အဓိကထားပြီး ညှိနှိုင်းဆွေးနွေးနေတာပဲဖြစ်ပါတယ်"
အရင်က ပြုလုပ်ခဲ့တဲ့ ပင်လုံကတိကဝတ်တွေဟာ အခုအချိန်အခါ သဟဇာတ မဖြစ်တော့တဲ့အကြောင်း အကျယ်တဝင့် ဆွေးနွေးဖြစ်ကြပြီး အဲ့ဒီ ပင်လုံသဘောထားနဲ့ ပတ်သက်လို့ ပြုစုရေးအဖွဲ့ တစ်ဖွဲ့ဖွဲ့ ကာ ပြန်လည်ပြင်ဆင်ရေးသားဖို့ သဘောတူထားတယ်လို့ ဦးခူးရယ်က ပြောပါတယ်။
အစည်းအဝေးကို တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း ၁၈ ဖွဲ့အပြင် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)၊ ညီနောင်တိုင်းရင်းသားပါတီများ ဖယ်ဒရေးရှင်း၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ နဲ့ အထူးဖိတ်ကြားထားတဲ့ ဧည့်သည်တွေ အပါအဝင် စုစုပေါင်း ကိုယ်စားလှယ် ၂၁၆ ဦး တက်ရောက်ကြပါတယ်။
ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA၊ မြန်မာနိုင်ငံ အမျိုးသား မဟာမိတ်တပ်မတော် MNDAA ကိုးကန့် အဖွဲ့နဲ့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အဖွဲ့တွေက အခက်အခဲ အမျိးမျိူးကြောင့် တက်ရောက်နိုင်ခြင်းမရှိဘူးလို့သိရပါတယ်။