ပင်လုံနဲ့ ဖယ်ဒရယ်အတွက် မိုင်ဂျာယန် အစည်းအဝေး စပြီ

တရုတ်မြန်မာနယ်စပ် ကေအိုင်အို ထိန်းချုပ်ရာ မိုင်ဂျာယန်မြို့မှာ တိုင်းရင်းသား လက်နက်ကိုင်တော် လှန်ရေး အဖွဲ့ အစည်းတွေရဲ့ အစည်းအဝေးကို ဇူလိုင်လ ၂၆ ရက် ဒီကနေ့ စတင်ကျင်းပပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ အစည်းအဝေးကို မိုင်ဂျာာယန်မှာ ကျင်းပနေစဉ် Photo: sai zawm mone

တရုတ်မြန်မာနယ်စပ် ကေအိုင်အိုထိန်းချုပ်ရာ မိုင်ဂျာယန်မြို့မှာ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ အစည်းအဝေးကို ဇူလိုင်လ ၂၆ ရက် ဒီကနေ့ စတင်ကျင်းပပါတယ်။


အစည်းအဝေးကျင်းပရေး ကော်မီတီဥက္ကဌ ခူဦးရယ် က ဒီ အစည်းအဝေးကို ၂၁ ရာစု ပင်လုံညီလာခံကျင်းပရေး အတွက် အကြိုညှိနှိုင်းရေးနဲ့ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဘုံသဘော ထားရပ်တည်ချက် ရရှိရေးဆိုတဲ့ ရည်ရွယ်ချက် ၂ ခုနဲ့ ကျင်းပတာဖြစ်ကြောင်းနဲ့ အဲဒီရည်ရွယ်ချက်တွေ အောင်မြင်ဖို့ အတွက် ခေါင်းစဉ် ၄ ခုကို အခြေခံပြီး ဆွေးနွေးကြမယ်လို့ ပြောပါတယ်။

"ပထမခေါင်းစဉ်ကတော့ ပင်လုံ လက်စွဲစာတမ်း ဆွေးနွေးအတည်ပြုခြင်း၊ ဒုတိယခေါင်းစဉ်ကတော့ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ခြင်းဆိုင်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေများအတွက် အခြေခံမူများ၊ တတိယခေါင်းစဉ်ကတော့ လုံခြုံရေး ဆိုင်ရာအခြေခံမူများနဲ့ နောက်ဆုံးခေါင်းစဉ်ကတော့ နိုင် ငံဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြန်လည်ပြင်ဆင်ရေး တို့ဖြစ်ပါတယ်"

အစည်းအဝေးမှာ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေအပြင် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA၊ ညီနောင်တိုင်းရင်းသားများ ဖယ်ဒရေးရှင်း NBF နဲ့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB အဖွဲ့က ကိုယ်စားလှယ်တွေလည်း တက်ရောက်ကြပါတယ်။

ဒါ့အပြင် ကုလသဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေးနမ်ဘီးယား နဲ့ တရုတ်နိုင်ငံခြားရေးရာဌာနရဲ့ အာရှရေးရာ အထူးသံတမန်တွေလည်း တက်ရောက်ကြ ပါတယ်။ တရုတ်အာရှရေးရာ အထူးသံတမန် မစ္စတာ စုကို့ရှမ်း (Mr.Sun Guoxiang) က မြန်မာနိုင်ငံ ငြိမ်းချမ်းရေး အတွက် ကူညီသွားမယ်လို့ စကားပြန်က တဆင့်ပြောပါတယ်။

"မြန်မာနိုင်ငံ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်ကို ကျနော်တို့ ထောက်ခံမယ် တွန်းအားပေးမယ်လို့ ကျနော်အကြိမ်ကြိမ် အခါခါပြောခဲ့ဘူးပါတယ်၊ ပူးပေါင်းဆောင်ရွက်ရေးထဲမှာလည်း မြန်မာနိုင်ငံ ပြည် တွင်းငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာလည်း ကျနော်တို့ အကူအညီပေးဖို့လည်း ပါဝင်ပါတယ်၊ ကျနော် UN မှတဆင့် မြန်မာနိုင်ငံ JMC ကို အမေရိကန်ဒေါ်လာ ၃ သန်း လှူခဲ့ပါတယ်"

ကုလသမဂ္ဂ အကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေးနမ်ဘီးယား ကတော့ ဒီဆွေးနွေးပွဲကနေ ခိုင်မာတဲ့ သဘောတူညီ ချက်တွေ ရရှိဖို့ သူမျှော်လင့်တယ်လို့ ပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ အစည်းအဝေးတွေကို ကျင်းပလာခဲ့တာ ကချင်ပြည်နယ် လိုင်ဇာမှာ ၂ ကြိမ်၊ ကရင်ပြည်နယ် လောခီးလာမှာ ၂ကြိမ်နဲ့ အခုနောက်ဆုံး မိုင်ဂျာယန်မှာ တစ်ကြိမ် စုစုပေါင်း ၅ ကြိမ်ရှိပြီဖြစ်ပါတယ်။ အခု အကြိမ်ကျင်းပတဲ့ အစည်းအဝေးဟာ အကျယ်ပျံ့ဆုံး ဖြစ်ပြီး ဇူလိုင်လ ၂၉ ရက်နေ့အထိ ကျင်းပမှာဖြစ်ပါတယ်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org