လူ့အခွင့်အရေးလှုပ်ရှားသူ ဒေါက်တာဇာနည်ကို နိုဘယ်ငြိမ်းချမ်းရေးဆု အဆိုပြု

လူ့အခွင့်အရေးလှုပ်ရှားသူ ဒေါက်တာမောင်ဇာနည်ကို အခုနှစ်အတွက် နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ဖို့ အဆိုပြုတင်သွင်းထားတယ်လို့ ဗြိတိန်အခြေစိုက် Free Rohingya Coalition လူ့အခွင့်အရေးအဖွဲ့က ဧပြီလ ၁၆ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။

လူ့အခွင့်အရေးလှုပ်ရှားသူ မောင်ဇာနည် ခေါ် ဒေါက်တာဇာနည်။ FACEBOOK/ MAUNG ZARNI

လူ့အခွင့်အရေးလှုပ်ရှားသူ ဒေါက်တာမောင်ဇာနည်ကို အခုနှစ်အတွက် နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ဖို့ အဆိုပြုတင်သွင်းထားတယ်လို့ ဗြိတိန်အခြေစိုက် Free Rohingya Coalition လူ့အခွင့်အရေးအဖွဲ့က ဧပြီလ ၁၆ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။

၁၉၇၆ ခုနှစ်အတွက် နိုဘယ်ငြိမ်းချမ်းရေးဆုရှင်ဖြစ်တဲ့ မြောက်အိုင်ယာလန်နိုင်ငံက Mairead Corrigan Maguire က ဒေါက်တာမောင်ဇာနည်ကို အဆိုပြုတင်သွင်းတာလို့  သတင်းမှာ ဖော်ပြပါတယ်။

နှစ်ပေါင်း ၃၅ နှစ်ကြာ လူ့အခွင့်အရေးအတွက် လှုပ်ရှားဆောင်ရွက်နေတဲ့အတွက် သူ့ကို နိုဘယ်ဆုအတွက် လျှောက်ထားတာလို့ ဒေါက်တာဇာနည်က ပြောပါတယ်။

“ကျွန်တော်တို့ ဗမာပြည်သူတွေလိုပဲ အဖိနှိပ်ခံရတဲ့သူတွေဘက်မှာ ကျွန်တော်က ဝင်ပြီးတော့ ကူပေးတာပေါ့နော်။ ရပ်တည်ပေးတာပေါ့။ ပြောပေးတယ်။ ၃၅ နှစ်နှစ်တိတိပေါ့နော်။ ကျွန်တော်က ကိုယ်တတ်တဲ့ပညာနဲ့ ၃၅ နှစ်အထိ တစ်ခါမှမရပ်ဘဲ ဘယ်သူပဲဖြစ်ဖြစ် လူကို လူလို ဆက်ဆံဖို့ ကျွန်တော်က လုပ်တာကို သဘောကျလို့ ကျွန်တော့်ကို ခွင့်တောင်းပြီးတော့ တင်တာဖြစ်တယ်"

မြန်မာနိုင်ငံက လူ့အခွင့်အရေး လိုအပ်နေသူတွေအတွက်တင် မကဘဲ အရှေ့တီမော၊ တိဗက်၊ နိုင်ဂျီးရီးယား၊ ပါလက်စတိုင်း အစရှိတဲ့ နိုင်ငံတွေက ပြည်သူတွေအရေးအတွက်ပါ လှုပ်ရှားနေတာကြောင့် အခုလို အဆိုတင်သွင်းတာလို့ Maguire ရဲ့ အဆိုပြုလွှာမှာ ဖော်ပြပါတယ်။

မောင်ဇာနည်ခေါ် ဒေါက်တာဇာနည်ဟာ ၁၉၆၃ ခုနှစ်က မန္တလေးမြို့မှာ မွေးဖွားခဲ့သူဖြစ်ပြီး  မြန်မာ့ဒီမိုကရေစီရေး၊ ရိုဟင်ဂျာအရေးအပါအဝင် လူ့အခွင့်အရေး လှုပ်ရှားမှုတွေဆောင်ရွက်နေသူ ဖြစ်ပါတယ်။

(မှတ်ချက်။ မူလသတင်းရေးသားချက်တွင် ဒေါက်တာဇာနည်သည် ၁၉၈၈ ခုနှစ် လူထုလှုပ်ရှားမှုအပြီး၌ ပြည်ပသို့ ထွက်ခွာခဲ့သူအဖြစ် မှားယွင်းဖော်ပြထားသည်ကို ပြင်ဆင်ထားပါသည်။)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org