ဒေါက်တာ လျန်မှုန်းဆာခေါင်းရဲ့အိမ် စစ်တပ်ပိုင်အဖြစ် သိမ်းဆည်းခံရ
ချင်းအမျိုးသားတပ်ဦး (CNF\CNA) ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ဒေါက်တာ လျန်မှုန်းဆာခေါင်းရဲ့ ချင်းပြည်နယ် ဟားခါးမြို့က သူ့နေအိမ်ကို စစ်ကောင်စီက နိုင်ငံပိုင်အဖြစ်နဲ့ သိမ်းဆည်းလိုက်ပါတယ်။
- 2021-10-30
-
-
-
ချင်းအမျိုးသားတပ်ဦး (CNF\CNA) ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ဒေါက်တာ လျန်မှုန်းဆာခေါင်းရဲ့ ချင်းပြည်နယ် ဟားခါးမြို့က သူ့နေအိမ်ကို စစ်ကောင်စီက နိုင်ငံပိုင်အဖြစ်နဲ့ သိမ်းဆည်းလိုက်ပါတယ်။
ဒီနေ့ အောက်တိုဘာ ၃၀ ရက်နေ့မှာ ဒေါက်တာ လျန်မှုန်းဆာခေါင်းက သူ့ရဲ့ Facebook လူမှုကွန်ယက်ပေါ်မှာ သူ့နေအိမ်ကို စစ်ကောင်စီက သိမ်းလိုက်တယ်ဆိုပြီး ဖော်ပြထားပါတယ်။
"ပြည်သူတွေနဲ့ တိုင်းပြည် လွတ်မြောက်ရေးအတွက် ကျွန်တော်တို့မှာရှိတဲ့ အရာအားလုံးကို စွန့်လွှတ် ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ပိုင်ဆိုင်မှုနဲ့ နေအိမ်ကို သူတို့ခိုးယူလို့ရပေမယ့် ကျွန်တော်တို့ရဲ့ စိတ်ဓာတ်တွေ ကိုတော့ ရိုက်ချိုးဖျက်ဆီးလို့ ရမှာမဟုတ်ပါဘူး"
ဒေါက်တာ လျန်မှုန်းဆာခေါင်းရဲ့ အိမ်တံခါးဝမှာ အကြမ်းဖက်မှု ကျုးလွန်တဲ့သူကို ပုန်းအောင်း၊ နေထိုင်ခွင့် ပေးထားတဲ့အတွက် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ အရ နေအိမ်ပိုင်ရှင်ကို အရေးယူမယ့်အပြင် ပုဒ်မ ၅၆ အရ နိုင်ငံပိုင်သိမ်းမယ်လို့လည်း စာကပ်ထားပါတယ်။
ချင်းအမျိုးသားတပ်ဦး (CNF\CNA) ရဲ့ ဒုတိယ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ဒေါက်တာ လျန်မှုန်းဆာခေါင်း ဟာ ၂၀၂၁ ခုနှစ် ဧပြီလ ၁၆ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဖက်ဒရယ်ပြည်ထောင်စု ရေးရာ ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါတယ်။
ဒေါက်တာ လျန်မှုန်းဆာခေါင်းဟာ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) မှာလည်း ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ဖူးသူ ဖြစ်ပါတယ်။