ပဲခူးတိုင်းအတွင်း လယ်-ဆည်ဝန်ကြီးဌာနမှ မျိုးစပါး အခမဲ့ဖြန့်ဖြူးမည်
ပဲခူးတိုင်းဒေသကြီးအစိုးရ လယ်ယာနဲ့ဆည်မြောင်း ဝန်ကြီး ဦးတင်စိုးဟာ ဒီကနေ့ နေ့လည်မှာ သနပ်ပင်၊ ဝေါ၊ က၀ မြို့နယ်တွေ အတွင်းက လယ်သမားတွေနဲ့ သွားရောက် တွေ့ဆုံပြီး ရေမြှုပ်သွားတဲ့ လယ်တွေအတွက် လိုအပ်တဲ့ မျိုးစပါးအားလုံးကို လယ်-ဆည်ဝန်ကြီးဌာနက အခမဲ့ ဖြန့်ဖြူးသွားမယ်လို့ ပြောခဲ့ပါတယ်။
-
2012-08-17 -
-
-
၂၀၁၂ ခုနှစ် သြဂုတ်လ ၁၆ ရက်က ရေနှစ်မြှုပ်နေသော စပါးစိုက်ခင်းများကို တွေ့ရစဉ်။
RFA
မျိုးစပါး ဖြန့်ဖြူးဖို့အတွက် ပျက်စီးသွားတဲ့ လယ်ဧကစာရင်းကို အရင်ကောက်ယူမှာ ဖြစ်တယ်လို့ ပဲခူးတိုင်းက အလုပ်သမားနဲ့လယ်သမား ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုအောင်သန်းက RFA ကိုပြောပါတယ်။
ပဲခူးတိုင်း သနပ်ပင်မြို့နယ်မှာ ရွာပေါင်း ၆၆ ရွာ၊ ဝေါမြို့နယ်မှာရွာပေါင်း ၅၂ ရွာနဲ့ ကဝမြို့နယ်က ရွာပေါင်း ၉၆ ရွာ ရှိပါတယ်။ အဲဒီ ရွာတွေက လယ်ယာမြေ စုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းဖြစ်တဲ့ လယ်ဧက သုံးသောင်းကျော် ရေနစ်မြှုပ်ခဲ့တာဖြစ်ပါတယ်။ မနေ့ကစပြီး ရေစကျနေပြီဖြစ်ပေမယ့် လယ်မြေ အများအပြားကတော့ ရေနစ်မြှုပ်နေဆဲပဲလို့ သိရပါတယ်။