ရေဆိုးထုတ်စက်ရုံတွေ သတ်မှတ် အချိန်အတွင်း ရေဆိုးစွန့်ထုတ်မှု မရှိရင် အရေးယူမည်

မန္တလေးတိုင်းဒေသကြီး၊ စက်မှုဇုန် အတွင်းက ရေဆိုးထုတ်စက်ရုံတွေဟာ သတ်မှတ်ထားတဲ့ အချိန်အတိုင်း ရေဆိုးစွန့်ထုတ်တာတွေ မလုပ်ဆောင်တဲ့အတွက် အရေးယူသွားမယ်လို့ မန္တလေး မြို့တော် စည်ပင်သာယာရေးကော်မတီ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ရေဆိုးတွေ စွန်ထုတ်နေတဲ့ ပိုက်လိုင်းတစ်ခုကို တွေ့ရစဉ် Photo: Nay Thwae/RFA

မန္တလေးတိုင်းဒေသကြီး၊ စက်မှုဇုန်အတွင်းက ရေဆိုးထုတ်စက်ရုံတွေဟာ သတ်မှတ်ထားတဲ့ အချိန်အတိုင်း ရေဆိုး စွန့်ထုတ်တာတွေ မလုပ်ဆောင်တဲ့အတွက် အရေးယူသွားမယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ညနေ ၆ နာရီကနေ မနက် ၅ နာရီကြားကို ရေဆိုးစွန့်ပစ်ချိန်အဖြစ် သတ်မှတ်ထားတာဖြစ်တဲ့အတွက် စည်းကမ်းလိုက်နာမှု ရှိ/မရှိ စစ်ဆေးသွားမယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ရေနဲ့ သန့်ရှင်းမှုဌာန ကော်မတီဝင် ဒေါ်မြင့်မြင့်သန်း က ပြောပါတယ်။

"ရေဆိုးစွန့်ထုတ်တဲ့အချိန်ကို သွားစစ်မှာ၊ အစ်မတို့က ညနေ ၆ နာရီကနေ မနက် ၅ နာရီအတွင်းလို့ သတ်မှတ်ထားတာလေ၊ ဒါပေမဲ့ စက်ရုံတွေကကျတော့ သူတို့ ကြိုက်တဲ့အချိန် သူတို့ စွန့်ပစ်ကြတာလေ၊ ဘယ်အချိန်တွေမှာ သူတို့ စွန့်ပစ်လဲဆိုတာကို သွားစစ်မှာ"

စက်ရုံတွေကို တစ်ပတ်တစ်ကြိမ် စစ်ဆေးသွားမှာဖြစ်ပြီး စည်းကမ်းမလိုက်နာဘူးဆိုရင် အရေးယူသွားမှာ ဖြစ်တယ် လို့လည်း ပြောပါတယ်။

ဒါ့အပြင် ရေဆိုးတွေကို သန့်စင်ပြီးမှ စွန့်ပစ်ရမှာဖြစ်တဲ့အတွက် ရေဆိုးသန့်စင်ဖို့ ရေစစ်ကန်တွေ ရှိ/ မရှိ ကိုလည်း  စစ်ဆေးသွားမှာဖြစ်ပါတယ်။

မန္တလေးစက်မှုဇုန်အတွင်းက အမရပူရနဲ့ ပြည်ကြီးတံခွန်မြို့နယ်တွေမှာ စက်ရုံပေါင်း ၆၀ ကျော်ရှိပြီး အဲဒီထဲက ၁၃ ရုံလောက်သာ ရေစစ်ကန်တွေထားရှိကြောင်း သိရှိထားတယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော် မတီ ရေနဲ့ သန့်ရှင်းမှုဌာနက ပြောပါတယ်။

စက်ရုံတွေကို သွားရောက်စစ်ဆေးတဲ့အခါမှာ မန္တလေးမြို့တော် စည်ပင်သာယာက ရေနဲ့ သန့်ရှင်းရေးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန၊ စက်မှုကြီးကြပ်စစ်ဆးရေးဦးစီးဌာန၊ အလုပ်ရုံနဲ့ အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာန၊ စက်မှုဇုန်ကြီးကြပ်ရေးကောက်မတီနဲ့ ရပ်ကွက်နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေ ပါဝင်မှာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org