ဘင်္ဂလားဒေ့ရှ် သတင်းစာဖော်ပြချက် မန္တလေးသံဃာတွေ ကန့်ကွက်ဆန္ဒပြ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Dhaka Tribune သတင်းစာမှာ ရခိုင်ပြည်နယ် ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး ရေးသားထားတာကို မန္တလေးမြို့မှာ သံဃာတော် ၃၀၀ နီးပါးက ဒီနေ့ ကန့်ကွက်ဆန္ဒပြ ကြပါတယ်။ သန်းခေါင်စာရင်း ကောက်ယူရာမှာ ရိုဟင်ဂျာ၊ ဘင်္ဂါလီလို့ ထည့်သွင်းမကောက်ဖို့အတွက်လည်း တောင်းဆို ကြပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Dhaka Tribune သတင်းစာ ရဲ့ ရေးသားချက်ကို ကန့်ကွက်တဲ့အနေနဲ့ မန္တလေးမြို့မှာ မတ်လ ၂၇ ရက်နေ့က သံဃာတော်တွေ ဆန္ဒပြကြစဉ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Dhaka Tribune သတင်းစာမှာ ရခိုင်ပြည်နယ် ရိုဟင်ဂျာအရေးနဲ့ ပတ်သက် ပြီး ရေးသားထားတာကို မန္တလေးမြို့မှာ သံဃာတော် ၃၀၀ နီးပါးက ဒီနေ့ ကန့်ကွက်ဆန္ဒပြကြပါတယ်။ သန်းခေါင်စာရင်း ကောက်ယူရာမှာ ရိုဟင်ဂျာ၊ ဘင်္ဂါလီလို့ ထည့်သွင်းမကောက်ဖို့အတွက်လည်း တောင်းဆိုကြ ပါတယ်။

Dhaka Tribune သတင်းစာရဲ့ ရေးသားချက်တွေ ဟာ မြန်မာနိုင်ငံအတွင်းမှာ အဓိကရုဏ်းဖြစ်ပွားအောင် လှုံ့ဆော်ရေးသားတဲ့ အနေအထားဖြစ်နေတဲ့အတွက် ကန့်ကွက်တာဖြစ်တယ်လို့ ဒီနေ့ ဆန္ဒပြပွဲမှာပါဝင်တဲ့ ဂဠုန်နီဆရာတော်က မိန့်ကြားခဲ့ပါတယ်။

"တိုင်းပြည်ရဲ့ ကံကြမ္မာကို ဆိုးဝါးမသွားအောင် တိုင်းတပါးရဲ့ အန္တရာယ်ကို ကာကွယ်တဲ့အနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကထုတ်တဲ့ Dhaka Tribune သတင်းစာရဲ့ ရေးသားဖြန့်ဝေမှုတွေဟာ မြန်မာနိုင်ငံ အတွင်းမှာ ပဋိပက္ခဖြစ်ပွားအောင် အဓိကရုဏ်းဖြစ်ပွားအောင် စစ်မက်ဖြစ်ပွားအောင် တမင်သက်သက် လှုံ့ဆော်ရေးသားတဲ့ အရေးအသားဖြစ်နေတဲ့အတွက်ကြောင့် လုံးဝဆန့်ကျင်ကြောင်း လုံးဝကန့်ကွက်ကြောင်း မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူများနဲ့ ရဟန်းသံဃာများကလည်း သိရှိအောင် အစိုးရတစ်ရပ်တည်း မဟုတ်ဘဲနဲ့ တစ်တိုင်းပြည်လုံးက ဒီသတင်းစာရဲ့ ဖော်ပြချက်ကို လက်မခံနိုင်ဘူး၊ ကမ္ဘာကလည်း သိအောင်ဆိုပြီးတော့ ခုလိုနေပူထဲမှာ လာရောက်ဆန္ဒထုတ်ဖော်တာ ဖြစ်ပါတယ်"


ရခိုင်ပြည်နယ် စစ်တွေ၊ မောင်တောစတဲ့ မြို့တွေမှာ မွတ်စလင် ရိုဟင်ဂျာတွေ နေထိုင်တာများကြောင်းနဲ့ ရုရှနဲ့ ခရိုင်းမီးယား ပြည်နယ်အရေးလို ရခိုင်ပြည်နယ်က အဲဒီလူတွေကို ဆန္ဒခံယူပွဲကျင်းပပြီး မွတ်စလင်တွေနေထိုင်တဲ့ အဲဒီမြို့တွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းပြည်နယ်ထဲ ပေါင်းလိုက်လို့ရကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအခြေစိုက် Dhakha Tribune သတင်းဌာနက ပြီးခဲ့တဲ့သတင်းပတ်က ရေးသားခဲ့တာပါ။

ဒီနေ့ ဆန္ဒပြပွဲကို မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့သမဂ္ဂအဖွဲ့ချုပ် (မန္တလေး) က ဦးဆောင်တာဖြစ်ပြီး ဆန္ဒပြသံဃာအပါး ၃၀၀ လောက်ဟာ မဟာမြတ်မုနိရုပ်ရှင်တော်တည်ရှိတဲ့ ချမ်းမြသာစည်မြို့နယ်အတွင်းမှာ တစ်နာရီကျော်ကြာ စီတန်းလှည့်လည်ခဲ့ကြပြီး ဦးပွားဆုတောင်းပြည့်ဘုရားကြီးမှာ အဆုံးသတ်ခဲ့ကြပါတယ်။

မနေ့ကလည်း ရန်ကုန်မြို့ ဘင်္ဂလားဒေ့ရှ်သံရုံးရှေ့မှာ Dhaka Tribune သတင်းစာကို ကန့်ကွက်ကြောင်း ဆန္ဒပြခဲ့ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org