ဖမ်းဆီးခံသတင်းသမားတွေကို အမြန်ဆုံးလွှတ်ပေးဖို့ CPJ တောင်းဆို
မြန်မာနိုင်ငံမှာ အကြောက်တရားနဲ့ ဖိနှိပ်မှုအောက်မှာ ရှိနေသရွေ့ စစ်ကောင်စီရဲ့ရွေးကောက်ပွဲကတစ်ဆင့် ဒီမိုကရေစီရေး ပြန်လည်ဖော်ဆောင်မယ် ဆိုတဲ့ ပြောဆိုချက်ဟာ ယုံကြည်စရာမရှိဘူးလို့လည်း ဆိုပါတယ်။
- 2023-01-31
-
-
-
အာဏာသိမ်းစစ်ကောင်စီက သတင်းသမားတွေကို နှိပ်စက်ညှဉ်းပန်းတာတွေကို ချက်ချင်းရပ်တန့်ဖို့ ဖမ်းဆီးထားသူတွေကို ချွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့ သတင်းသမားများကာကွယ်ရေးကော်မတီ CPJ က စစ်အာဏာသိမ်း နှစ်နှစ်ပြည့်မှာ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
ဇန်နဝါရီ ၃၁ ရက် မနေ့က ထုတ်ပြန်တဲ့ အဲဒီကြေညာချက်မှာ ပြီးခဲ့တဲ့ နှစ်နှစ်တာအတွင်း မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့် အခြေအနေများစွာ ဆိုးရွားလာခဲ့ကြောင်းနဲ့ စစ်ကောင်စီက သတင်းသမားတွေကို နှောင့်ယှက်တာ၊ ဖမ်းဆီးသတ်ဖြတ်တာတွေ ပစ်မှတ်ထား လုပ်ဆောင်ခဲ့ကြောင်း CPJ ရဲ့ အရှေ့တောင်အာရှအကြီးတန်းကိုယ်စားလှယ် Shawn Crispin က ပြောပါတယ်။
မြန်မာနိုင်ငံမှာ အကြောက်တရားနဲ့ ဖိနှိပ်မှုအောက်မှာ ရှိနေသရွေ့ စစ်ကောင်စီရဲ့ရွေးကောက်ပွဲကတစ်ဆင့် ဒီမိုကရေစီရေး ပြန်လည်ဖော်ဆောင်မယ် ဆိုတဲ့ ပြောဆိုချက်ဟာ ယုံကြည်စရာမရှိဘူးလို့လည်း ဆိုပါတယ်။
မြန်မာနိုင်ငံမှာ သတင်းသမား အနည်းဆုံး ၄၂ ယောက် ဖမ်းဆီးခံနေရပြီး ကမ္ဘာ့သတင်းသမားများဖိနှိပ်ခံရမှု အဆိုးဆုံး တတိယမြောက် နိုင်ငံဖြစ်တယ်လို့ CPJ က ၂၀၂၂ ခုနှစ် ဒီဇင်ဘာလက ထုတ်ပြန်ထားပါတယ်။
အများစုဟာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅ဝ၅ (ခ) နဲ့ စွဲချက်တင်ခံရပြီး ထောင်ဒဏ် ၂ နှစ်ကနေ ၃ နှစ်အထိ ပြစ်ဒဏ်တွေ ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။