ကချင်ပြည်နယ်မှာ ဘိန်းစိုက်ဧက ၁၆၀၀ ကျော် ဖျက်ဆီး
ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့ဇန်နဝါရီလ အတွင်း မြစ်ကြီးနား၊ မိုးညှင်းနဲ့ ပူတာအို ခရိုင်အတွင်းက မြို့နယ် ၉ မြို့နယ်မှာ ဘိန်းစိုက်ဧက ၁၆၀၀ ကျော်ကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ကချင်ပြည်နယ် ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး မြင့်ထူး က ပြောပါတယ်။
-
2016-02-01 -
-
-
Your browser doesn’t support HTML5 audio
ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်း မြစ်ကြီးနား၊ မိုးညှင်းနဲ့ ပူတာအို ခရိုင်အတွင်းက မြို့နယ် ၉မြို့နယ်မှာ ဘိန်းစိုက်ဧက ၁၆၀၀ ကျော်ကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ကချင်ပြည်နယ် ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး မြင့်ထူး က ပြောပါတယ်။
ဘိန်းစိုက်ခင်းဖျက်ဆီးမှုတွေနဲ့ ပတ်သက်ပြီး မြစ်ကြီးနားမြို့က ပြည်နယ်ရဲတပ်ဖွဲ့ရုံးမှာ ဒီကနေ့ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒုတိယရဲမှူးကြီး မြင့်ထူးက ပြောတာဖြစ်ပါတယ်။
"စုစုပေါင်း ၁၆၃၈.၀၃ ဧက၊ မြစ်ကြီးနားခရိုင်မှာဆို ဝိုင်းမော်၊ ချီဖွေ၊ ဆောလော်၊ ပူတာအိုမှာဆိုလည်း ပူတာအို၊ ဆွမ်ပရာဘွမ်၊ အားလုံးဒီဘက်က ၉ မြို့နယ်ပေါ့"
အဲ့ဒီအရေအတွက်ဟာ အစိုးရတပ်မတော်၊ ရဲတပ်ဖွဲ့နဲ့ ဋ္ဌာနဆိုင်ရာတွေအပါအဝင် ကချင်လူမှုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့တွေ ဖျက်ဆီးခဲ့တဲ့ ဘိန်းစိုက်ဧကတွေ ဖြစ်ပါတယ်။
ဒီရက်ပိုင်းမှာ ဘိန်းစိုက်ခင်းတွေ ဖျက်ဆီးနေတဲ့ ကချင်လူမှုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့တွေဟာ တနိုင်းနဲ့ ဝိုင်းမော်မြို့နယ်အတွင်းမှာ တူးမီးသေနတ်၊ လက်လုပ်မိုင်းစတာတွေနဲ့ တိုက်ခိုက်ခံခဲ့ရတာကြောင့် တစ်ဦး သေဆုံးပြီး လေးဦး ဒါဏ်ရာရရှိခဲ့ပါတယ်။
ကချင်လူမှုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ဝင်တွေက ဘိန်းပင်မဟုတ်တဲ့ စိုက်ပျိုးသီးနှံပင်တွေကို ဖျက်ဆီးသလို လျှပ်စစ်မီးထွန်းရာမှာသုံးတဲ့ ဆိုလာပြားတွေကိုလည်း ယူဆောင်မှုတွေရှိတာကြောင့် မကျေနပ်တဲ့ ဘိန်းစိုက်တောင်သူတချို့က တူမီးသေနတ်နဲ့ ပစ်တာလို့ တနိုင်းဒေသခံတွေက ပြောပါတယ်။ အဲဒီလိုပြောဆိုမှုနဲ့ ပတ်သက်ပြီး အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ဘိန်းခင်းဖျက်သူနဲ့ ဘိန်းစိုက်ပျိုးသူတွေကြားမှာ ပဋိပက္ခတွေမဖြစ်စေဖို့အတွက် မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဝင်းဘိုရှိန်ရဲ့ အမိန့်နဲ့ဲ့ လုံခြုံရေးအင်အားတွေ တိုးမြှင့်ပြီး ဘိန်းခင်းဖျက်ဆီးရေးတွေကို ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ပြည်နယ်မူးယစ်ရဲတပ်ဖွဲ့ရဲ့စာရင်းတွေအရ ပြီးခဲ့တဲ့နှစ်က တစ်ပြည်နယ်လုံး အတိုင်းအတာနဲ့ ဘိန်းစိုက်ခင်းဧက သုံးထောင်ကျော် ဖျက်ဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်က ဘိန်းခင်းတွေကို ရဲတပ်ဖွဲ့နဲ့ပူးပေါင်းဖျက်စီးနေတဲ့ ဒေသခံမူးယစ် တိုက်ဖျက်ရေး အဖွဲ့ထဲက လူ ၃ ဦးဟာ မနေ့က မိုင်းတစ်လုံးပေါက်ကွဲတာကြောင့် ဒဏ်ရာရရှိခဲ့ပြီး မြစ်ကြီးနားဆေးရုံမှာ ဆေးဝါး ကုသမှု ခံယူနေရပါတယ်။
ဘိန်းစိုက်ခင်းဖျက်ဆီးတဲ့အထဲမှာ ပါဝင်သူ ဝိုင်းမော်မြို့ခံ ဦးလာရစ် ကို RFA သတင်းထောက် ကိုမျိုးဇော်ကို က ဆက်သွယ်မေးမြန်းထားပါတယ်။