အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံနဲ့ NUG ခေါင်းဆောင်တွေ တွေ့ဆုံ

အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံ ဒဲရစ်ချောလက်၊ အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (USAID) က မိုက်ကယ်ရှစ်ဖာတို့ဟာ NUG ခေါင်းဆောင်ပိုင်းတချို့နဲ့ မနေ့က တွေ့ဆုံခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ ဒဲရစ်ချောလက်တို့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့က တွေ့ရစဉ်။ Twitter/ Derek Chollet

အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံ ဒဲရစ်ချောလက်၊ အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (USAID) က မိုက်ကယ်ရှစ်ဖာတို့ဟာ NUG အစိုးရအဖွဲ့ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ NUG ခေါင်းဆောင်ပိုင်းတချို့နဲ့ မနေ့က တွေ့ဆုံခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဘယ်နေရာမှာတွေ့ဆုံကြလဲဆိုတာတော့ ဖော်ပြမထားပါဘူး။

မြန်မာပြည်မှာ အားလုံးပါဝင်ပြီး ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်ရေးအတွက် NUG က ကိုယ်စားပြုဆောင်ရွက်နေတာကို ကြိုဆိုတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးအတိုင်ပင်ခံ ဒဲရစ်ချောလက်က ပြောဆိုပါတယ်။

မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီလှုပ်ရှားမှုတွေကို အမေရိကန်က ထောက်ပံ့ကူညီနေတဲ့အကြောင်းလည်း သူက အထူးပြုပြောဆိုပြီး၊ အဲဒီအကူအညီတွေထဲမှာ လူသန်းပေါင်းများစွာဆီ လူသားချင်းစာနာမှုအကူအညီတွေရောက်ဖို့၊ ဒေသန္တရအုပ်ချုပ်ရေးစွမ်းရည် မြှင့်တင်ဖို့တွေလည်း ပါဝင်ပါတယ်။

အနာဂတ်မြန်မာပြည်မှာ ဒီမိုကရေစီစနစ်ပေါ်လာပြီး တိုင်းရင်းသားတွေရော ရိုဟင်ဂျာတွေပါ အားလုံးပါဝင်ပူးပေါင်းဆောင်ရွက်နိုင်အောင် NUG ကကြိုးစားနေတာတွေကိုလည်း ဒဲရစ်ချောလက်က ချီးကျူးလိုက်ပါတယ်။

စစ်ကောင်စီရဲ့အကြမ်းဖက်မှုတွေ အမြန်ဆုံး အဆုံးသတ်အောင် ဖိအားပေးဖို့၊ မတရားဖမ်းဆီးခံထားရသူတွေ ပြန်လွတ်ဖို့၊ ပဋိပက္ခတွေ အဆုံးသတ်ပြီး ဒီမိုကရေစီစနစ်တည်ဆောက်ရေးမှာ သက်ဆိုင်သူ အားလုံးပါဝင်ဆွေးနွေးဖို့ကိစ္စတွေ ထပ်လောင်းပြောဆိုဆွေးနွေးခဲ့တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အမေရိကန်အစိုးရက မြန်မာနိုင်ငံအတွက် ဒေါ်လာ ၁၂၁ သန်း ထောက်ပံ့ဖို့ အတည်ပြုပြီး မကြာခင် မတ်လ ၂၈ ရက်နေ့ကလည်း မစ္စတာ ချောလက်ဟာ K3C လို့အမည်ပေးထားတဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နဲ့ ချင်းအမျိုးသားတပ်ဦး (CNF) တို့ကို တွေ့ဆုံခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org