ထားဝယ်စီးပွားရေးဇုန်စီမံကိန်း ပြန်မစတင်ခင် ခုနှစ်ချက် ဆောင်ရွက်ပေးဖို့ ဒေသခံတွေ တောင်းဆို

ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းလုပ်ငန်းတွေ ပြန်လည်မစတင်ခင်မှာ အချက် ခုနှစ်ချက်ကို ထိုင်းလူအခွင့်အရေးအဖွဲ့၊ အိမ်နီးချင်းနိုင်ငံများ စီးပွားဖွံ့ဖြိုးတိုးတက်ရေး ကူညီပေးရေးအေဂျင်စီ (NEDA)နဲ့ ထိုင်းတရားရေးအဖွဲ့တွေကို တောင်းဆိုလိုက်ပါတယ်။

ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းနဲ့ ပတ်သက်ပြီး ထားဝယ်ဒေသခံတွေ၊ အရပ်ဖက်အဖွဲ့တွေ ၂၀၁၉၊ သြဂုတ် ၂၇ ရက်နေ့က ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပစဉ် ဓါတ်ပုံ - ကျော်လွင်ဦး/ RFA

ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းလုပ်ငန်းတွေ ပြန်လည်မစတင်ခင်မှာ အရင်စီမံကိန်း အကောင်ထည်ဖော်စဉ်က ဖြစ်ပွားခဲ့တဲ့ ပြဿနာတွေကို အရင်ဆုံးဖြေရှင်းဖို့ အပါအဝင် အချက် ခုနှစ်ချက်ကို ထားဝယ်ဒေသခံတွေက ထိုင်းလူအခွင့်အရေးအဖွဲ့၊ အိမ်နီးချင်းနိုင်ငံများ စီးပွားဖွံ့ဖြိုးတိုးတက်ရေး ကူညီပေးရေးအေဂျင်စီ (NEDA)နဲ့ ထိုင်းတရားရေးအဖွဲ့တွေကို တောင်းဆိုလိုက်ပါတယ်။

ထားဝယ်ဒေသခံတွေ၊ အရပ်ဖက်အဖွဲ့တွေပါဝင်တဲ့ အဖွဲ့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ထိုင်းနိုင်ငံကိုသွားကာ အချက် ခုနှစ်ချက်ကို အကြံပြုတောင်းဆိုခဲ့တယ်လို့ ဒီနေ့ ရန်ကုန်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။

စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးသွားတာတွေကို ပြန်လည်ထိန်းသိမ်းဖိ့ု၊ ဒေသခံတွေအတွက် တရားမျှတပြီး ပြည်စုံတဲ့ လျော်ကြေးပေးဖို့၊ လမ်းဖောက်ရာမှာ ပတ်ဝန်းကျင်ထိခိုက်မှု (EIA) ကို ပိုမိုကောင်းမွန်စွာလုပ်ပေးဖို့၊ အစိုးရနဲ့ စီမံကိန်း အကောင်ထည်ဖော်တဲ့သူတွေဟာ ဌာနေတိုင်းရင်းသားအခွင့်အရေး လေးစားလိုက်နာဖို့၊ လက်ရှိဖြစ်ပေါ်နေတဲ့ပြဿနာတွေ ဖြေရှင်းရာမှာ အစိုးရကိုယ်စားလှယ်တွေ၊ ဒေသခံတွေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေပါဝင်တဲ့ ကော်မတီဖွဲ့စည်းဖိ့ု စတဲ့ အချက် ခုနှစ်ချက်ကို အကြံပြုတောင်းဆိုခဲ့တာဖြစ်ပါတယ်။

ထားဝယ်အထူးစီးပွားရေးဇုန်နဲ့ ထိုင်းနိုင်ငံ ဖူနာရွန်ကို အဝေးပြေးလမ်းမဖောက်လုပ်ဖိ့ု NEDA အဖွဲ့ဆီကနေ ပြည်ထောင်စုလွှတ်တော်ရဲ့ ခွင့်ပြုချက်နဲ့ အစိုးရက ထိုင်းဘတ်ငွေ ၄.၅ ဘီလီယံချေးယူပြီး နှစ်လမ်းသွားလမ်းမကြီး အဆင့်မြှင့်တင်ဖို့ ပြီးခဲ့တဲ့နှစ် မတ်လက အတည်ပြုခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ အစိုးရက အဆိုပြုထားတဲ့လမ်းဖောက်လုပ်ဖို့ ကနဦး ကွင်းဆင်းလေ့လာတာတွေ ပြုလုပ်နေပြီး စက်တင်ဘာလမှာ အပြီးသတ်လုပ်ဆောင်မှာဖြစ်ပါတယ်။

ထားဝယ်အထူးစီးပွားရေဇုန်စီမံကိန်းဟာ ၂၀၁၀ ခုနှစ်မှာ အီတာလျံထိုင်းကုမ္ပဏီက စတင်လုပ်ဆောင်ခဲ့ပေမယ့် ၂၀၁၃ ခုနှစ်မှာ ကန့်ကွက်မှုတွေကြောင့် ရပ်နားခဲ့တာဖြစ်ပါတယ်။

လတ်တလောမှာတော့ အစိုးရက ဒီစီမံကိန်းအတွက် တင်ဒါခေါ်ယူပြီး လုပ်ကိုင်ခွင့်ပေးဖို့ စီစဉ်ထားပါတယ်။

(RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့သည်)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org