ပါတီရပ်တည်ခွင့်အတွက် စစ်အစိုးရကို ဒေါ်အောင်ဆန်းစုကြည် တရားစွဲမည်
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီ ဆက်လက်ရပ်တည်ခွင့်နဲ့ ပတ်သက်လို့ လာမယ့် အောက်တိုဘာလ ၅ ရက် အင်္ဂါနေ့မှာ စစ်အစိုးရကို စတင် တရားစွဲဆိုမယ်လို့ ရှေ့နေ ဦးဉာဏ်ဝင်းက RFA ကို ဒီကနေ့ အတည်ပြု ပြောကြားပါတယ်။
-
2010-10-03 -
-
-
“တရားမ အထွေထွေ လျှောက်ထားမှုပေါ့။ ကျနော်တို့ ပါတီရပ်တည်ခွင့် ကိစ္စကို ကျနော်တို့ တင်မှာ။ သီးခြား သက်သာခွင့်ဥပဒေအရ ကျနော်တို့က တရားစွဲတာကိုး။ စကားရပ်များ အနက်အဓိပ္ပါယ် ဖွင့်ဆိုရေးဥပဒေ၊ ဒီအပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့ တင်မှာပါ။ ပါတီအနေနဲ့ မဟုတ်ဘူး၊ ပါတီ အထွေထွေအတွင်းရေးမှူး အနေနဲ့၊ ဒေါ်အောင်ဆန်းစုကြည် နာမည်နဲ့ စွဲမှာပါ”
ဗဟိုတရားရုံးချုပ်မှာ စတင် တရားစွဲဆိုနိုင်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ထံက ရှေ့နေ ကိုယ်စားလှယ်လွှဲစာ လက်ခံ ရရှိထားပြီ ဖြစ်တယ်လို့လည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ထပ်မံ တွေ့ဆုံနိုင်ရေးအတွက် ရှေ့နေဖြစ်သူတွေက သက်ဆိုင်ရာကို အကြိမ်ကြိမ် တောင်းဆိုထားပေမယ့် စက်တင်ဘာလ ၆ ရက်နေ့ နောက်ပိုင်း တွေ့ဆုံခွင့် မရရှိသေးပါဘူး။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက်နေ့ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မကြာခင် တွေ့ခွင့်ရတော့မှာ ဖြစ်ကြောင်း၊ အထက်က ခွင့်ပြုချက် ရရှိတာနဲ့ တွေ့ခွင့်ပြုမှာ ဖြစ်ကြောင်း သတင်းတပ်ဖွဲ့ တာဝန်ရှိသူတွေက ရှေ့နေဦးဉာဏ်ဝင်းကို ခေါ်ယူတွေ့ဆုံပြီး ပြောကြားခဲ့ပါတယ်။