ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းကြောင်း စစ်ကောင်စီ ပြော

ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်ထောင်ဝင်းထဲက သီးသန့်ဆောက်ထားတဲ့ အဆောင်မှာ ထိန်းသိမ်းခံထားရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

၂ဝ၁၈ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့က ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် ကျင်းပသည့် ကမ္ဘာ့စီးပွားရေးဖိုရမ်ကို တက်ရောက်လာသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်။ Photo: AFP

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်တယ်လို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူက AFP ကို ပြောလိုက်ပါတယ်။

စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက “ကျွန်တော်သိသလောက် ကျန်းမာရေးကောင်းပါတယ်။ အရင်က သူ့အတွက် ကျွန်တော်တို့ စီစဉ်ပေးထားတဲ့နေရာမှာပဲ နေထိုင်ပါတယ်” လို့ AFP ကို ပြောလိုက်တာပါ။

ထိန်းသိမ်းထားတဲ့နေရာ အတိအကျကို ထုတ်မပြောပေမဲ့ နေပြည်တော် အကျဉ်းထောင်ဝင်းထဲက အထူးသီးသန့်ဆောက်လုပ်ထားတဲ့ အဆောင်မှာ ထိန်းသိမ်းခံထားရတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ဇွန်လ ၁၉ ရက်နေ့မှာ အသက် ၇၉ နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ ၂ဝ၂၁ စစ်တပ်အာဏာ စသိမ်းတဲ့နေ့ကတည်းက ဖမ်းဆီးခံလိုက်ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့မွေးနေ့တွေကို အကျဉ်းထောင်ထဲမှာပဲ ဖြတ်သန်းခဲ့ရတာ လေးနှစ်ရှိပြီဖြစ်ပါတယ်။

သားငယ်ဖြစ်သူ ကင်မ်အဲရစ်က မိခင်ဖြစ်သူ အမြန်ဆုံးလွတ်မြောက်ပြီး မြန်မာပြည် ဒီမိုကရေစီရရေး ဆက်လက်တိုက်ပွဲဝင်နိုင်ဖို့ မျှော်လင့်ကြောင်းနဲ့ မိခင်ဖြစ်သူကို ဆက်လက်အားပေးဖို့လည်း နိုင်ငံတကာကို တောင်းဆိုထားပါတယ်။ ဒါ့အပြင် မိခင်ဖြစ်သူရဲ့ ကျန်းမာရေးအခြေအနေကိုလည်း စိုးရိမ်နေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org