တရုတ်သမ္မတရှီကျင်းပင်နဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ

တရုတ်သမ္မတရှီကျင်းပင်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ မနေ့ညနေက ဘေကျင်းမြို့မှာ တွေ့ဆုံခဲ့ကြပြီး၊ ခေတ်သစ်ပိုးလမ်းမစီမံကိန်းမှာ မြန်မာဘက်က တက်တက်ကြွကြွ ပါဝင်နေတာကို တရုတ်သမ္မတက ချီးကျူးပြောဆိုလိုက်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်သမ္မတရှီကျင့်ပင်တို့ ဘေကျင်းမြို့မှာ ၂ဝ၁၉ ခုနှစ် ဧပြီ ၂၄ ရက်နေ့က တွေ့ဆုံစဉ်။ Photo: Reuters

တရုတ်သမ္မတရှီကျင်းပင်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဧပြီလ ၂၄ ရက်နေ့ညနေက ဘေကျင်းမြို့မှာ တွေ့ဆုံခဲ့ကြပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်အစိုးရရဲ့ ခေတ်သစ်ပိုးလမ်းမ စီမံကိန်းဆိုင်ရာ ဒုတိယအကြိမ် နိုင်ငံတကာဆွေးနွေးပွဲ တက်ဖို့ မနေ့ နေ့လယ်ပိုင်းက ဘေကျင်းမြို့ကို ရောက်ရှိနေပြီး ခေါင်းဆောင်နှစ်ဦး ညနေပိုင်းမှာ တွေ့ဆုံကြတာပါ။

အဲဒီလိုတွေ့ဆုံရာမှာ ခေတ်သစ်ပိုးလမ်းမစီမံကိန်းမှာ မြန်မာဘက်က တက်တက်ကြွကြွ ပါဝင်နေတာကို တရုတ်သမ္မတက ချီးကျူးပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ စီးပွားဖွံ့ဖြိုးတိုးတက်ရေးမှာ တရုတ်က အားပေးကူညီနေတဲ့ အကြောင်းနဲ့၊ နယ်စပ်ဒေသ တည်ငြိမ်ရေးနဲ့ လုံခြုံရေးကို မြန်မာနဲ့အတူ ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိတယ်လို့လည်း ရှီကျင်းပင်က ပြောပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံသားတွေ စိတ်ဝင်စားနေတဲ့ မြစ်ဆုံစီမံကိန်းကိစ္စ ပြောဆိုဖြစ်သလား ဆိုတာတော့ မသိရသေးပါဘူး။ မြစ်ဆုံရေကာတာစီမံကိန်းကိစ္စ တစုံတရာဆုံးဖြတ်ချက် ချမှတ်ခဲ့မယ်ဆိုရင် NLD အစိုးရအနေနဲ့ ပြည်သူကို တာဝန်ယူပြီး ဖြေရှင်းပေးမှာပါလို့ NLD ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်က RFA ကို ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org