ICJ အမှု ရင်ဆိုင်မယ့် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲ ဝေဖန်ခံရ

အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ ဂမ်ဘီယာနိုင်ငံက အမှုဖွင့်ထားတာကို သွားရောက် ရင်ဆိုင်မယ့် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ကို ထောက်ခံတဲ့ လူထုလှုပ်ရှားမှုတွေ ရှိလာမယ့်အပေါ် ဝေဖန်မှုတွေ ရှိနေပါတယ်။

ဂမ်ဘီယာနိုင်ငံက အမှုဖွင့်ထားတာကို သွားရောက်ရင်ဆိုင်မယ့် ဒေါ်အောင်ဆန်းစုကြည်ကို ၂ဝ၁၉ နိုဝင်ဘာ ၂၄ ရက်နေ့က မုံရွာမြို့မှာ ထောက်ခံစဉ် Photo: Thant Zin

အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ ဂမ်ဘီယာနိုင်ငံက အမှုဖွင့်ထားတာကို သွားရောက် ရင်ဆိုင်မယ့် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ကို ထောက်ခံတဲ့ လူထုလှုပ်ရှားမှုတွေ ရှိလာမယ့်အပေါ် ဝေဖန်မှုတွေ ရှိနေပါတယ်။

ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် တပ်မတော်က လူ့အခွင့်အရေး ဖောက်ဖျက်ကျူးလွန်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အမှုဖွင့်ထားတာ မကြာခင်မှာ ကြားနာတော့မှာပါ။  

ဒီကိစ္စကို နိုင်ငံကိုယ်စား အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ပြီး သွားရောက်ရင်ဆိုင်မယ်လို့ ကြေညာလိုက်တဲ့အပေါ် ထောက်ခံကြိုဆိုမှုတွေ ရှိလာတဲ့ နောက်ဆက်တွဲမှာ လူထုလှုပ်ရှားမှုတွေလည်း ဆက်တိုက်ပြုလုပ်ဖို့ ပြင်ဆင်နေပါတယ်။

ဒီလိုထောက်ခံပွဲတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသလိုမဖြစ်ဘဲ လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်တဲ့၊ လူ့အခွင့်အရေး ချိုးဖောက်တဲ့သူတွေကို ကာကွယ်သလိုဖြစ်သွားမယ်လို့ ဝေဖန်သူတွေ ရှိလာပါတယ်။

လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Fortify Rights အဖွဲ့က ကိုနစ်ကီဒိုင်းမွန်းက ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတာပြဿနာမရှိပေမယ့် လူမျိုးတုံးသတ်ဖြတ်မှုတွေကို ထောက်ခံသလိုဖြစ်သွားရင် နိုင်ငံတကာမှာ မျက်နှာပျက်ရမယ်လို့ ပြောပါတယ်။

ရခိုင်ပြည်ကိစ္စမှာ လူမျိုးတုံးသတ်ဖြတ်မှု မဟုတ်ကြောင်းနဲ့ ပကတိအခြေအနေတွေကို နိုင်ငံတကာကို သံတမန်နည်းအရ ဖြေရှင်းသွားမှာဖြစ်ကြောင်း၊ ဥပဒေကြောင်းအရ ဖြေရှင်းမှာ မဟုတ်ကြောင်း မနေ့က နိုင်ငံ့ခေါင်းဆောင်တွေ တေ့ွဆုံပွဲမှာ အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေက ပြောကြားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ICJ စာချုပ် အပိုဒ် ၅၃(၁)အရ တစ်ဘက်အမှုနိုင်ငံဟာ တရားရုံးမှာ သွားရောက်အမှု ရင်ဆိုင်ဖို့ ပျက်ကွက်ခဲ့ရင် ဒါမှမဟုတ် ကာကွယ်ချေပဖို့ မရှိရင် ကျန်တဲ့တစ်ဘက်နိုင်ငံကို အနိုင်ပေးဆုံးဖြတ်ဖို့ တရားရုံးကို တောင်းဆိုနိုင်တယ်လို့ ပါရှိပါတယ်။

မြန်မာနိုင်ငံကိုယ်စား ဦးဆောင်ပြီး ICJ ကို သွားမယ့် ဒေါ်အောင်ဆန်းစုကြည်ကို လူထုထောက်ခံပွဲ ဒီနေ့ မုံရွာမြို့မှာ ကျင်းပပါတယ်။

မုံရွာမြို့က ဦးကျော်မိုးလှိုင်က  ICJ ကိုသွားရောက်ရင်ဆိုင်မယ့် ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်လို့ ပြည်သူတွေက သူနဲ့ထပ်တူရှိတယ်ဆိုတာကို ပြသချင်လို့ ပြုလုပ်တာလို့ ပြောပါတယ်။

ဒီလိုထောက်ခံပွဲတွေကို မုံရွာမြို့အပြင် အခြားတိုင်းနဲ့ ပြည်နယ်တွေမှာလည်း ပြုလုပ်ဖို့ ပြင်ဆင်နေပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘက်ကလည်း ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲတွေကို အဘက်ဘက်က ပံ့ပိုးသွားမယ်လို့ NLD ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန်က မနေ့က ပြောထားပါတယ်။

ဒီလိုထောက်ခံပွဲတွေကြောင့် နိုင်ငံတကာအမြင်မှာ မြန်မာပြည်သူတွေဟာ လူမျိုးတုံးသတ်ဖြတ်မှုတွေကို ထောက်ခံတယ်လို့ ယူဆသွားနိုင်ကြောင်း လူ့အခွင့်ရေးလှုပ်ရှားသူ Generation Wave အဖွဲ့က ကိုမိုဃ်းသွေးက ပြောပါတယ်။

အတိုင်ပင်ခံအနေနဲ့ ICJ မှာ သွားရောက်ရင်ဆိုင်တဲ့အခါ ရိုဟင်ဂျာမွတ်စလင်အရေးနဲ့ပတ်သက်လို့ ကျူးလွန်မှု တချို့ရှိခဲ့တာကို ဝန်ခံပြီး အရေးယူတာ လုပ်မလား၊ အားလုံးကို ငြင်းဆိုပြီး နယ်မြေရှင်းလင်းရေး လုပ်ခဲ့တဲ့ တပ်မတော်ကို ကာကွယ်သွားမလားဆိုတာ မသိရသေးပေမယ့် သတိထားဖို့လိုတယ်လို့ လူ့အခွင့်အရေးလှုပ်ရှား သူတွေက ပြောကြပါတယ်။ တချို့ကိစ္စတွေကို ဝန်ခံပြီး ဖြေရှင်းတာမျိုးတွေ ပြုလုပ်မှသာ မြန်မာပြည်က အနာဂတ်လူငယ်တွေအပေါ် အမဲစက်တွေမကျန်မှာ ဖြစ်တယ်လို့လည်း တိုက်တွန်းကြပါတယ်။

ရခိုင်ပြည်နယ် အပါအဝင် တိုင်းရင်းသားနယ်မြေတွေမှာ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကို သတင်းအချက် အလက် အတိအကျရယူပြီးမှာ ထောက်ခံတာမျိုးတွေ ပြုလုပ်သင့်တယ်လို့လည်း ထောက်ပြကြပါတယ်။

အခုလို ICJ မှာ သွားရောက်ရင်ဆိုင်ဖို့ အတိုင်ပင်ခံပုဂ္ဂိုလ် ဆုံးဖြတ်တာဟာ တပ်မတော်ကို အကာကွယ်ပေးနေတာ မဟုတ်ဘူးလို့ ပြောသူက ကိုဖီအာနန် ကော်မရှင်အဖွဲ့ဝင်လည်းဖြစ် အစ္စလာမ်ဘာသာရေး ခေါင်းဆောင်လည်း ဖြစ်တဲ့ ဦးအေးလွင်ပါ။  

ဂမ်ဘီယာနိုင်ငံရဲ့ တိုင်ကြားချက်ကို နယ်သာလန်နိုင်ငံ သဟိဂ်မြို့မှာ ဒီဇင်ဘာလ ၁၀ ရက်နေ့ကစပြီး ကြားနာမှုတွေ စတင်တော့မှာပါ။   

ဒီတရားစွဲဆိုမှုကို တုံ့ပြန်ဖို့အတွက် မြန်မာနိုင်ငံဘက်က နိုင်ငံတကာဥပဒေကျွမ်းကျင်တဲ့ ဥပဒေပညာရှင် ရှေ့နေကြီးတွေ ငှားရမ်းထားတယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။

တပ်မတော်ဘက်ကတော့ အစိုးရ လိုအပ်တဲ့အချက်အလက်တွေကို ရှာဖွေပေးသွားမယ်လို့ ပြောထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org