ခြံအမှတ် (၅၄) လျှော့စျေးနဲ့ လေလံတင်၊ မတင် မကြာခင် ဆုံးဖြတ်မည်

နှစ်ဖက်လျှောက်ထားချက်ကို ကြားနာပြီးနောက် လာမဲ့ရုံးချိန်းရက်ဖြစ်တဲ့ မတ်လ ၂၅ ရက်နေ့မှာ အမိန့်ချဖို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ် (၅၄) အား ၂၀၂၄ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့က တွေ့ရစဉ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးတို့ရဲ့ အမွေဆိုင် နေအိမ်ဖြစ်တဲ့ ရန်ကုန်မြို့ အင်းလျားကန်ဘေးက ခြံအမှတ် (၅၄) နဲ့ နေအိမ်ကို ဈေးလျှော့ပြီး လေးကြိမ်မြောက် လေလံတင်မဲ့အပေါ် နှစ်ဖက်ရှေ့နေတွေက ကမာရွတ်ခရိုင်တရားရုံးမှာ မတ်လ ၂၀ ရက်နေ့က လျှောက်လဲချက် ပေးခဲ့ပါတယ်။

ဦးအောင်ဆန်းဦးဘက်က ဒီအိမ်နဲ့ခြံကို ကျပ် ၂၇၀ ဘီလီယံနဲ့ ဈေးလျှော့ပြီး ထပ်မံလေလံတင်ဖို့ လျှောက်ထားတာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့ကတော့ ဒီကိစ္စကို ကန့်ကွက်ကြောင်း လျှောက်ထားခဲ့ပါတယ်။

နှစ်ဖက်လျှောက်ထားချက်ကို ကြားနာပြီးနောက် လာမဲ့ရုံးချိန်းရက်ဖြစ်တဲ့ မတ်လ ၂၅ ရက်နေ့မှာ အမိန့်ချဖို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

ကမာရွတ်ခရိုင် တရားရုံးရဲ့ အစီအစဉ်နဲ့ ဒီအိမ်နဲ့ ခြံကို ကျပ်ငွေ ၃၁၅ ဘီလီယံနဲ့ ပထမအကြိမ်၊ ၃၀၀ ဘီလီယံနဲ့ ဒုတိယအကြိမ်၊ ၂၉၇ ဘီလီယံနဲ့ တတိယအကြိမ် လေလံတင် ရောင်းချခဲ့ပေမဲ့ ဝယ်ယူသူမရှိခဲ့ပါဘူး။

လက်ရှိမှာ နောက်ဆုံးကြမ်းခင်းဈေး ကျပ်ငွေ ၂၉၇ ဘီလီယံကနေ ၂၇၀ ဘီလီယံအထိ ၂၇ ဘီလီယံ ဈေးလျှော့ပြီး လေလံတင်ရောင်းချဖို့ ဦးအောင်ဆန်းဦးဘက်က တရားရုံးကို တင်ပြထားတာ ဖြစ်ပါတယ်။

လေလံကြမ်းခင်းဈေး ကျပ်ဘီလီယံရာချီအထိ ဈေးမြင့်နေတာနဲ့ နိုင်ငံရေးအရ အရေးပါတဲ့ သမိုင်းဝင် နေအိမ်ဖြစ်ကြောင့် ငွေကြေးချမ်းသာသူတွေအနေနဲ့ လေလံဆွဲဝယ်ယူတာမျိုး မလုပ်ကြတာလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဒီအိမ်နဲ့ ခြံကို အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ထားတာကြောင့် ပုဂ္ဂလိကပိုင်အဖြစ် ရောင်းချတာတွေလုပ်ရင် အရေးယူမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ စစ်အစိုးရလက်ထက်က ခြံအမှတ် (၅၄) နေအိမ်မှာ အကျယ်ချုပ်နဲ့ ဖြတ်သန်းခဲ့ရပေမဲ့ အခုတစ်ခေါက် အာဏာသိမ်းပြီးနောက်မှာတော့ ပြင်ပကမ္ဘာနဲ့ အဆက်အသွယ် ဖြတ်ခံထားရပြီး ထောင် ၂၇ နှစ် ဆက်လက်ကျခံနေရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org