ခြံအမှတ် (၅၄) လေလံကြမ်းခင်းဈေး တရားရုံးမှာ ကန့်ကွက်လျှောက်လဲ

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းက ခြံအမှတ် (၅၄) နဲ့ သမိုင်းဝင်နေအိမ်ရဲ့ လေလံကြမ်းခင်းဈေးနဲ့ ပတ်သက်လို့ ဇွန်လ ၂၀ ရက် မနေ့က ကမာရွတ်ခရိုင်တရားရုံးချိန်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက ကန့်ကွက်လျှောက်လဲခဲ့ကြတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက RFA ကိုပြောပါတယ်။

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ် (၅၄) အား ၂၀၂၄ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့က တွေ့ရစဉ်။

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းက ခြံအမှတ် (၅၄) နဲ့ သမိုင်းဝင်နေအိမ်ရဲ့ လေလံကြမ်းခင်းဈေးနဲ့ ပတ်သက်လို့ ဇွန်လ ၂၀ ရက် မနေ့က ကမာရွတ်ခရိုင်တရားရုံးချိန်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက ကန့်ကွက်လျှောက်လဲခဲ့ကြတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက RFA ကိုပြောပါတယ်။

အိမ်နဲ့ခြံကို လေလံကြမ်းခင်းဈေး ကျပ်ငွေ ၂၈၅ ဘီလီယံနဲ့ ရောင်းချဖို့အပါအဝင် လေလံဆွဲဝယ်ယူမဲ့သူတွေကို အိမ်နဲ့ ခြံအတွင်းပိုင်းအထိ လိုက်လံကြည့်ရှုခွင့်ပေးဖို့ဆိုပြီး ဦးအောင်ဆန်းဦးဘက်က တင်ပြထားတာပါ။ ဒီအပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့က ကန့်ကွက်ထားတာကြောင့် မနေ့က တရားရုံးမှာ နှစ်ဖက်ရှေ့နေတွေ လျှောက်လဲချက်ပေးခဲ့ကြတာပါ။

ဦးအောင်ဆန်းဦးဘက်ကလည်း သူတို့တင်ပြချက်အတိုင်း လက်ခံပေးဖို့ တရားရုံးကို လျှောက်လဲခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက ပြောပါတယ်။

ဇွန်လ ၂၇ ရက်နေ့ နောက်တစ်ပတ်ရုံးချိန်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ရှေ့နေအဖွဲ့ရဲ့ ကန့်ကွက်ချက်ကို လက်ခံ၊ မခံ အမိန့်ချမှတ်မယ်လို့ ကမာရွတ်ခရိုင်တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

မတ်လ ၂၀ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ပထမအကြိမ် လေလံပွဲမှာ အဲဒီအိမ်နဲ့ ခြံကို လေလံဆွဲဝယ်ယူသူ တစ်ဦး တစ်ယောက်မှ မရှိတာကြောင့် လေလံပွဲမအောင်မြင်ဘဲ ပြီးဆုံးခဲ့တာပါ။ ဒါကြောင့် ဦးအောင်ဆန်းဦးဘက်က လေလံကြမ်းခင်းဈေးကို ကျပ်ငွေ ၃၁၅ ဘီလီယံကနေ ကျပ်ငွေ ၂၈၅ ဘီလီယံအဖြစ် သတ်မှတ်ပေးဖို့ ဈေးလျှော့ပြီး တင်ပြထားတာပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေအဖွဲ့ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မရသေးတာ၊ ဒေါ်အောင်ဆန်းစုကြည် မသိရှိသေးဘဲ လေလံဆွဲခွင့်ပေးတဲ့အပေါ် ဥပေဒေနဲ့ မညီညွတ်ဘူးဆိုပြီး ကန့်ကွက်ထားတာလို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒီအမှုဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက ခြံအမှတ် (၅၄) ပရဝုဏ်အတွင်းက ရှိသမျှကို လေလံတင်ရောင်းချပြီး ရလာတဲ့ငွေကို မောင်နှမ နှစ်ဦး ခွဲဝေမယ်ဆိုပြီး ၂၀၀၀ ပြည့်နှစ်မှာ အမှုစတင်ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်မှာတော့ ရန်ကုန် အနောက်ပိုင်းခရိုင်တရားရုံးက ဒေါ်အောင်ဆန်းစုကြည်ကို သူမ နေထိုင်ရာ အိမ်နဲ့ ခြံတစ်ဝက်ယူစေပြီး ကျန်အိမ်တစ်လုံးနဲ့ ခြံတစ်ဝက်ကို ဦးအောင်ဆန်းဦးကရယူဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။

ဒီအမိန့်ကို မကျေနပ်လို့ NLD အစိုးရလက်ထက်မှာ ဦးအောင်ဆန်းဦးက ပြည်တော်စု တရားလွှတ်တော်ချုပ်ထိ အဆင့်ဆင့်အယူခံတက်ခဲ့ပေမဲ့ ပယ်ချခံခဲ့ရပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးထောင်ချခံထားရချိန် ဦးအောင်ဆန်းဦးဘက်က အထူးအယူခံ ဆက်တက်ခဲ့စဥ်မှာတော့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ဦးအောင်ဆန်းဦးကို အနိုင်ပေးခဲ့ပါတယ်။ အဲဒီနောက် ရန်ကုန်တိုင်း ကမာရွတ်ခရိုင် တရားရုံးက လေလံတင် ရောင်းချဖို့ ဆုံးဖြတ်ခဲ့တာပါ။

ဒီအိမ်နဲ့ ခြံကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က အမျိုးသားအဆင့် ယဥ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ထားတာကြောင့် ပုဂ္ဂလိကပိုင်အဖြစ် ရောင်းချတာတွေလုပ်ရင် အရေးယူမယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org