ဒေသခံတွေ လက်ခံမယ့် ပုံစံတွေနဲ့ ယဉ်ကျေးမှုဇုန်တွေကို သတ်မှတ် ဖို့ နိုင်ငံတော်အတိုင်ပင်ခံပြော

ပုဂံဒေသကို ရှေးဟောင်းယဉ်ကျေးမှု ဇုန်တွေ ခွဲခြားသတ်မှတ်ရာမှာ ဒေသခံတွေ လက်ခံနိုင်မယ့်ပုံစံနဲ့ ဆောင်ရွက်ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က တိုက်တွန်းလိုက်ပါတယ်။

ပုဂံစေတီပုထိုးတွေကို သွားရောက်ကြည့်ရှုတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို ဇန်နဝါရီလ ၂၄ နေ့ကတွေ့ရစဉ် Photo: Kaung Htet Kyaw/RFA

ပုဂံဒေသကို ရှေးဟောင်းယဉ်ကျေးမှုဇုန်တွေ ခွဲခြားသတ်မှတ်ရာမှာ ဒေသခံတွေ လက်ခံနိုင်မယ့်ပုံစံနဲ့ ဆောင်ရွက် ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က တိုက်တွန်းလိုက်ပါတယ်။

ဒီနေ့ မနက်က ပုဂံရှေးဟောင်းသုတေသနပြတိုက်မှာ ပြတိုက်တာဝန်ရှိသူတွေ၊ ရှေးဟောင်းသုတေသန ပညာရှင်တွေနဲ့ တွေ့ဆုံရာမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ပုဂံဘုရားတွေပေါ်မှာ နေဝင်နေထွက်ကြည့်ရှုတာတွေကို ရေရှည်မှာ ခွင့်မပြုသင့်ကြောင်းနဲ့ တခြား သင့်တော်တဲ့နေရာတွေမှာ စီစဉ်ပေးသင့်ကြောင်းလည်း တိုက်တွန်းခဲ့ပါတယ်။

ပြတိုက်တာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့နှစ်က ငလျင်ဒဏ်သင့်ခဲ့တဲ့ စေတီပုထိုးတွေအကြောင်း တင်ပြခဲ့ပြီး ဒေါ်အောင် ဆန်းစုကြည်က ငလျင်ဒဏ်ကြောင့် ပျက်စီးသွားတဲ့ စေတီပုထိုးတွေကို လိုက်လံဖူးမြော်ခဲ့ပါတယ်။

နေ့လည်ပိုင်းမှာ ဘူတန်ဘုရင်ရဲ့ မိသားစုဝင်တချို့နဲ့အတူ အာနန္ဒာဘုရားနဲ့ ဂူပြောက်ကြီးဘုရားကို သွားရောက် ဖူးမြော်ခဲ့သလို သဲပန်းချီဆွဲတာကို ကြည့်ရှုခဲ့ပါတယ်။

ဒါ့အပြင် ရှေးဟောင်းလက်မှု ပစ္စည်းအရောင်းဆိုင်ကို သွားရောက်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန် ပခုက္ကူမြို့ကို သွားရောက်မှာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် သြဂုတ်လ ၂၄ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ပုဂံစေတီပုထိုးတွေ ပျက်ဆီးခဲ့ ပြီးနောက် ဒေါ်အောင်ဆန်းစုကြည် လာရောက်ကြည့်ရှုတာ ပထမဆုံးအကြိမ်ဖြစ်ပြီး ၂၀၁၁ ခုနှစ် ဇူလိုင်လ ဆန်းပိုင်းတုန်းက သားအငယ်ဖြစ်တဲ့ ကိုထိန်လင်း(ခ)ကင်မ်နဲ့အတူ ပုဂံဒေသကို လာရောက်ခဲ့ဖူးပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org