ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆောင်းပါး ဖေါ်ပြခွင့်မရသေး

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရေးသားတဲ့ စာတိုတပုဒ် ကို ပြည်သူ့ခေတ်ဂျာနယ်မှာ ပုံနှိပ် ဖေါ်ပြဖို့ တင်ပြခဲ့ပေမယ့် စာပေစီစစ်ရေးက ဖေါ်ပြခွင့်မပြုသေးဘူးလို့ သိရ ပါတယ်။

ရန်ကုန်မြို့လယ်က စာနယ်ဇင်းအရောင်းဆိုင် တဆိုင်မှာ အပတ်စဉ်ထုတ် ဂျာနယ်များ ခင်းကျင်းထားသည့် မြင်ကွင်း။

ပြီးခဲ့တဲ့ သီတင်း ၂ ပတ်က ပြည်သူ့ခေတ်ဂျာနယ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ စာမူကို ပုံမှန် တင်နေကျ စာမူတွေနဲ့အတူ စာပေစီစစ်ရေးကို တင်ပြခဲ့တာ ဖြစ်တယ်လို့ ပြည်သူ့ခေတ်ဂျာနယ် အယ်ဒီတာ ဆရာဖေမြင့်က ပြောပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဘယ်လို အကြောင်းအရာ ရေးသားခဲ့သလဲ ဆိုတာကိုတော့ လောလောဆယ် မပြောနိုင်သေးကြောင်း ဆရာဖေမြင့်က ပြောဆိုပေမယ့် ပြည်သူ့ခေတ်ဂျာနယ် အနေနဲ့ စာပေ စီစစ်ရေး ထံမှာ ထပ်မံ တင်ပြပြီး ပုံနှိပ်ဖေါ်ပြခွင့် ရဖို့ ကြိုးစားနေကြာင်း၊ ခွင့်ပြုလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

အဆင်ပြေမယ် ဆိုရင်တော့ အခုရက်ပိုင်းအတွင်း သိရလိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း ပြောဆိုပါတယ်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန်နိုင်ငံထုတ် Asahi Shimbun သတင်းစာမှာလည်း ရံဖန်ရံခါ ဆောင်းပါးတွေ ရေးသားလေ့ ရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org