ရေအားလျှပ်စစ်စီမံကိန်းတွေ ရပ်ဆိုင်းပေးဖို့ ချီဖွေ - ဆော့လော်ဒေသ ခံတွေ တောင်းဆို

ဧရာဝတီမြစ်ဆုံ မြစ်ညှာတွေမှာ ဆောက် လုပ်မယ့် ရေအားလျှပ်စစ်စီမံကိန်းတွေ ရပ်ဆိုင်းပေးဖို့ ချီဖွေမြို့နယ် နဲ့ ဆော့လော်မြို့နယ် ဒေသခံတွေက နိုင်ငံတော် သမ္မတထံ ဒီကနေ့ စာတင်ပြတောင်းဆိုလိုက်ပါတယ်။

ကချင်ပြည်နယ်က မေခနဲ့ မလိခ ဆုံတဲ့ ဧရာဝတီမြစ်ဆုံကို တွေ့ရစဉ် Photo: Kyaw Myo Min/RFA

ဧရာဝတီမြစ်ဆုံ မြစ်ညှာတွေမှာ ဆောက်လုပ်မယ့် ရေအားလျှပ်စစ်စီမံကိန်းတွေ ရပ်ဆိုင်းပေးဖို့ ချီဖွေမြို့နယ် နဲ့ ဆော့လော်မြို့နယ် ဒေသခံတွေက နိုင်ငံတော်သမ္မတထံ ဒီကနေ့ စာတင်ပြတောင်းဆိုလိုက်ပါတယ်။

ရေအားလျှပ်စစ်စီမံကိန်းတွေ အကောင်ထည်ဖော်မယ့်နေရာတွေဟာ ဒေသခံတောင်သူတွေ စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်နေတဲ့နေရာတွေဖြစ်တဲ့အတွက် ကန့်ကွက်တာဖြစ်တယ်လို့ ဒေသခံ ဒေါ်ယော်ဝင်းက ပြောပါတယ်။

"ဒေသခံတောင်သူတချို့တွေ၊ မြစ်ညှာဘက်မှာနေတဲ့ တောင်သူတွေတချို့တွေကတော့ ပြောင်းရွှေ့တောင် ယာတွေ လုပ်စားတယ်။ ချောင်းနဲ့နီးတဲ့ နေရာတွေကျတော့ လှေကားထစ်စိုက်ပျိုးရေးတွေ လုပ်ပါတယ်။ စိုက်ပျိုးမွေးမြူရေးတွေ လုပ်ကိုင်စားသောက်တဲ့ လူမျိုးတွေပါ။ ရေကာတာတည်ဆောက်ခြင်းအားဖြင့် ကျွန်မတို့ဝမ်းစာရော လူအများဒုက္ခရောက်နိုင်မယ့်ဆိုးကျိုးတွေ တွေ့ရှိပါတယ်။ ဒါ့ကြောင့်မလို့ ကျွန်မတို့ ကန့်ကွက်တာပါ။" လို့ ဒေါ်ယော်ဝင်း က ပြောပါတယ်။

မေခမြစ်နဲ့ ငေါ်ချမ်းခချောင်းရိုးတစ်လျှောက်မှာ ရွာပေါင်း ၇၀ နီးပါးနဲ့ လူဦးရေ ၃ သောင်းကျော် နေထိုင်ပြီး ဘိုးဘွားပိုင်နယ်မြေတွေ နဲ့ လှေကားထစ်စိုက်ပျိုးနေကြတာတွေ၊ ဥယျာဉ်ခြံစိုက်ပျိုးတာတွေ ရှိနေတယ် လို့ ဒေသခံတွေရဲ့ တောင်းဆိုစာမှာ ပါရှိပါတယ်။

ရေအားလျှပ်စစ်စီမံကိန်းတွေဟာ တိုင်းရင်းသားနယ်မြေတွေမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေကို တွန်းအားပေးနေကြောင်းနဲ့ ဒေသခံပြည်သူတွေရဲ့ ဆုံးဖြတ်ချက်မပါတဲ့ စီမံကိန်းတွေဖြစ်တယ် လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဧရာဝတီမြစ်၊ မေခမြစ်နဲ့ ခေါ်ချမ်းခချောင်းရိုးတလျှောက်မှာ တည်ဆောက်မယ့် ရေအားလျှပ်စစ်စီမံကိန်း ၇ခုရှိပါတယ်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org