Daily Eleven အယ်ဒီတာများ အမှုတစ်ကြိမ်တည်းစစ်ပြီး ဆုံးဖြတ်မည်
တရားရုံးမထီမဲ့မြင်ပြုမှုနဲ့ တရားစွဲဆိုခံထားရ တဲ့ The Daily Eleven သတင်းစာက အယ် ဒီတာအဖွဲ့ဝင် ၁၇ ဦးရဲ့ အမှုကို မန္တလေးတိုင်းတရား လွှတ်တော်ရုံးမှာ တစ်ကြိမ်တည်းစစ်ဆေးပြီး ဆုံးဖြတ်ချက် ချမှာဖြစ်တယ်လို့ သိရပါတယ်။
-
2015-07-03 -
-
-
တရားရုံးမထီမဲ့မြင်ပြုမှုနဲ့ တရားစွဲဆိုခံထားရတဲ့ The Daily Eleven သတင်းစာက အယ်ဒီတာအဖွဲ့ဝင် ၁၇ ဦးရဲ့ အမှုကို မန္တလေးတိုင်းတရားလွှတ်တော်ရုံးမှာ တစ်ကြိမ်တည်းစစ်ဆေးပြီး ဆုံးဖြတ်ချက် ချမှာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာ တရားစွဲခံထားရသူတွေအတွက် ရှေ့နေစာရင်းတင်သွင်းဖို့ ၁၀ ဦး ကျန်သေးတယ်လို့ ရှေ့နေစာရင်း တင်သွင်းခဲ့တဲ့ The Daily Eleven အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောပါတယ်။
"ဒီနေ့ ရုံးချိန်းမှာ ကျနော်အပါအဝင် နောက်ထပ် ၆ ယောက်ပေါ့၊ တချို့တွေကလည်း အလုပ်တာဝန်နဲ့ ခရီးထွက် တာတွေရှိပါတယ်၊ ပြည်တွင်းပြည်ပပေါ့နော်၊ အဲ့တော့ လူမစုံဘူးပေါ့၊ အမှုရဲ့သဘောတရားအရကတော့ ကျနော်တို့လူစုံရဦးမှာပါ၊ ဒါပြီးရင်တော့ ကျနော်တို့လျှောက်လွှဲချက်ပေးရမယ်"
ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်နေ့ထုတ် The Daily Eleven နေ့စဉ်သတင်းစာပါ "ပြန်ကြားရေးဝန်ကြီးဌာနတွင် ဈေးနှုန်း ယူရို ခုနှစ်သိန်းနဲ့ ပုံနှိပ်စက်ကို ဝယ်ယူထားတာ မှန်ကန်ကြောင်း တရားလိုပြသက်သေထွက်ဆို "ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး တရားရုံးမထီမဲ့မြင်ပြုမှုနဲ့ မန္တလေးတိုင်း တရားလွှတ်တော်ကို ပြန်ကြားရေးဝန်ကြီးဌာန သတင်းနဲ့ စာနယ်ဇင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှုး ဦးကျော်စိုးက တရားလိုလုပ်ပြီး တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။
အဲဒီအမှုအတွက် ပြစ်မှုထင်ရှားတယ်လို့ တရားရုံးက ဆုံးဖြတ်ရင် ငွေဒဏ် သို့မဟုတ် အမြင့်ဆုံး ထောင်ဒဏ် ၆ လ ကျခံရမှာဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့ ပထမရုံးချိန်းမှာ တရားစွဲခံရသူတစ်ဦးက ရှေ့နေစာရင်း တင်သွင်းခဲ့ပြီး မနေ့က ရုံးချိန်း မှာ နောက်ထပ် ၆ ဦးအတွက် ရှေ့နေစာရင်း တင်သွင်းခဲ့တာဖြစ်ပါတယ်။