လေယာဉ်ဆီ စီးဆင်းမှုဖြတ်တောက်ဖို့ ဦးကျော်မိုးထွန်း တိုက်တွန်း

အပြစ်မဲ့ပြည်သူတွေအသက် ကယ်တင်ဖို့ စစ်ကောင်စီဆီကို လေယာဉ်ဆီ စီးဆင်းနေတာကို ဖြတ်တောက်ဖို့ပဲဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။

နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်တွင် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့ကပြုလုပ်ခဲ့သော အစည်းအဝေးတစ်ခု တက်ရောက်ခဲ့သည့် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း။ Permanent Mission of Myanmar to the United Nations

ကလေးငယ်တွေ အပါအဝင် အပြစ်မဲ့ပြည်သူတွေအသက် ကယ်တင်ဖို့ တစ်ခုတည်းသောနည်းလမ်းဟာ စစ်ကောင်စီဆီကို လေယာဉ်ဆီ စီးဆင်းနေတာကို ဖြတ်တောက်ဖို့ပဲဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ဖေဖော်ဝါရီ ၄ ရက်က ၆ ရက်နေ့အထိ ကျင်းပတဲ့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF အမှုဆောင်အဖွဲ့ရဲ့ ၂၀၂၅ ပထမအကြိမ် ပုံမှန်အစည်းအဝေးမှာ ဖေဖော်ဝါရီ ၄ ရက်က တိုက်တွန်းခဲ့တာပါ။

မြန်မာနိုင်ငံက ကလေး ခြောက်သန်းဟာ လူသားချင်းစာနာရေး အကျပ်အတည်း အဆိုးဝါးဆုံး ရင်ဆိုင်နေရတယ်လို့လည်း ပြောပါတယ်။

လူ ၃ ဒသမ ၅ သန်းလောက် နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး ဒီထဲက ၃၃ ရာခိုင်နှုန်းက ကလေးငယ်တွေဖြစ်တယ်လို့ ဦးကျော်မိုးထွန်းက ပြောပါတယ်။

လေကြောင်းကတိုက်ခိုက်နေတဲ့အတွက် တချို့ကလေးတွေ ယာယီစခန်းတဲနဲ့ ဗုံးခိုကျင်းတွေထဲ ပညာသင်ကြားနေရတယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် ကလေးငယ်တွေ ကာကွယ်ဆေးထိုးနှံခွင့် ဆုံးရှုံးနေရတဲ့အတွက် စိုးရိမ်ရပြီး ပုံမှန်ကာကွယ်ဆေးမထိုးနှံရင် ကူးစက်လွယ်ရောဂါ ပြန့်ပွားနှုန်း မြင့်တက်လာနိုင်တဲ့အတွက် မြန်မာနိုင်ငံရဲ့ အနာဂတ်သာမက အိမ်နီးချင်းနိုင်ငံတွေနဲ့ ဒေသတွင်းကိုပါ ကျော်လွန်ရိုက်ခတ်လာနိုင်တယ်လို့လည်း ထောက်ပြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org