ဒေါက်တာအေးမောင် ထိန်းသိမ်းခံရမှု သားဖြစ်သူ ဝေဖန်
ဒေါက်တာအေးမောင်ကို ထောင်ဒဏ်နှစ် ၂၀ ချမှတ်ပြီး ဖမ်းထားတဲ့အတွက် ရခိုင်နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းလို့မရတော့ဘူး ဆိုတဲ့ အယူအဆ ခိုင်မာလာအောင် အားပေးရာရောက်တယ်လို့ ဒေါက်တာအေးမောင်ရဲ့ သားဖြစ်သူ လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဝင်းက ပြောပါတယ်။
-
သန့်ဇင်ဦး
2019-11-21 -
-
-
ထင်ရှားတဲ့ ရခိုင် နိုင်ငံရေးသမားတယောက်ဖြစ်တဲ့ ဒေါက်တာအေးမောင်ကို ထောင်ဒဏ်နှစ် ၂၀ ချမှတ်ပြီး ထိန်းသိမ်းထားတဲ့အတွက် ရခိုင်နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းလို့မရတော့ဘူး ဆိုတဲ့အယူအဆ ခိုင်မာလာအောင် အားပေးရာရောက်တယ်လို့ ဒေါက်တာအေးမောင်ရဲ့ သားဖြစ်သူ ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဝင်းက RFA ကို ဒီကနေ့ ပြောပါတယ်။
“ကျွန်တော့အဖေကို ဖမ်းတယ် ဖမ်းတဲ့အချိန်မှာဖြစ်နေတဲ့၊ ဖမ်းပြီးတော့ဖြစ်လာတဲ့ပြဿနာ ဘယ်လောက်ထိ ကြီးသွားလဲ၊ ဥပမာ ဒီရခိုင်နိုင်ငံရေးမှာပေါ့နော် ဒီကျွန်တော်တို့လုပ်နေတဲ့ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းလို့မရတော့ဘူး ဆိုတဲ့အတွေးတွေ ပြည်သူတွေကြားမှာ စိမ့်ဝင်သွားတာရှိတယ်ဗျ၊ အဲလိုပဲ ကျွန်တော်တို့ ဒီရခိုင်နိုင်ငံရေးလုပ်နေတဲ့ သူတွေကလည်း အကျပ်အတည်းတွေနဲ့ ကြုံရတာပေါ့”
နိုင်ငံရေးသမားတွေအနေနဲ့ ဒေါက်တာအေးမောင်ဖမ်းဆီးခံရစဉ်က လွှတ်တော်ထဲ မေးခွန်းမထုတ်ခဲ့ကြဘဲ ချင်းတိုင်းရင်းသားအမတ် ဦးဝှေ့တင်း အဖမ်းခံရမှ မေးခွန်းတွေ ထုတ်နေတာကြောင့် တရားမျှတမှု ရှိ မရှိ ပြန်သုံးသပ်သင့်တယ်လို့ ရခိုင်ပြည်နယ်လွှတ်တော် ရသေ့တောင်မဲဆန္ဒနယ် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် ဦးတင်မောင်ဝင်းက ဆိုပါတယ်။
ရခိုင့်ဦးဆောင်ပါတီ AFP ကလည်း ဒေါက်တာအေးမောင်ရဲ့ အသက်အန္တရာယ်နဲ့ ကျန်းမာရေးကို မိသားစုဝင်တွေ၊ ရခိုင်ပြည်သူတွေက စိုးရိမ်နေတဲ့အတွက် အမြန်ဆုံးပြန်လွှတ်ပေးဖို့ မနေ့က တောင်းဆိုလိုက်ပါတယ်။
ဒေါက်တာအေးမောင်ကို ဖမ်းဆီးထားခြင်းကြောင့် အမျိုးသားရင်ကြားစေ့ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ကြိုးပမ်းမှု တွေကို အနှောင့်အယှက်ဖြစ်စေတဲ့အပြင် ယုံကြည်မှု ပျက်ပြားစေပြီး တိုင်းရင်းသားစည်းလုံး ညီညွတ်မှုကိုပါ ထိခိုက်စေတယ်လို့ ပါတီက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒေါက်တာအေးမောင်ဟာ စာရေးဆရာဝေဟင်အောင်နဲ့အတူ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလက ရသေ့တောင် မြို့မှာကျင်းပတဲ့ ဟောပြောပွဲတစ်ခုမှာ ရခိုင်လက်နက်ကိုင်တော်လှန်ရေးကိစ္စကို ထည့်သွင်းဟောပြောခဲ့တယ် ဆိုပြီး အစိုးရက ပုဒ်မ နှစ်ခုနဲ့ တရားစွဲဆိုခဲ့တာပါ။
အဲဒီအမှုထဲကနိုင်ငံတော်ပုန်ကန်မှုအတွက် ထောင်ဒဏ်နှစ် ၂၀၊ နိုင်ငံတော် အကြည်ညိုပျက်စေမှုအတွက် ထောင်ဒဏ် ၂ နှစ်စီ မတ်လ ၁၉ ရက်နေ့မှာ အမိန့်ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
နိုင်ငံတော်သမ္မတက အကျဉ်းသားအများအပြားကို လွတ်ငြိမ်းသက်သာခွင့် ပြန်လွှတ်ပေးခဲ့စဉ်က သူတို့နှစ်ယောက် ပါဝင်ခြင်း မရှိခဲ့ပါဘူး။
သူတို့နှစ်ယောက်ကို နိုင်ငံရေးအကျဉ်းသားအဖြစ် မသတ်မှတ်ဘူးလို့ အာဏာရ NLD ပါတီကလည်း ပြောဆိုထားပါတယ်။
ဒေါက်တာအေးမောင်ဟာ အဖမ်းခံရချိန်က ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌနဲ့ အမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်တဲ့အပြင် အရင်လွှတ်တော်သက်တမ်းမှာ ရခိုင်ပြည်နယ်အမှတ် (၁) အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးပေါင်းကော်မတီ UPDJC ရဲ့အဖွဲ့ဝင်ဖြစ်ခဲ့တဲ့အတွက် စာပေဟောပြောပွဲမှာဟောပြောခဲ့ရုံနဲ့ ကြီးလေးတဲ့ပြစ်ဒဏ်ချမှတ်ထားတာဟာ တရားမျှတမှုမရှိဘူးလို့ ကြေညာချက် မှာပါရှိပါတယ်။
နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မတွေနဲ့ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရတာပါ။
သူတို့နှစ်ယောက်အတွက် အယူခံကို ရခိုင်ပြည်နယ်တရားလွှတ်တော်ကို တင်သွင်းခဲ့ပေမယ့် ပယ်ချခံခဲ့ရတဲ့အပြင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ထံ ထပ်မံတင်သွင်းခဲ့ရာမှာလည်း ပယ်ချခံထားရပါတယ်။
အခုနောက်ဆုံး အထူးခုံရုံးကို အယူခံ ထပ်မံတင်ထားပြီး ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ အယူခံလက်ခံ မခံ ကြားနာဆုံးဖြတ်မှာဖြစ်တယ်လို့ ဦးတင်မောင်ဝင်း ကပြောပါတယ်။
ဒေါက်တာအေးမောင်နဲ့ ကိုဝေဟင်အောင်တို့ကို မတ်လ ၁၉ ရက်နေ့မှာ စစ်တွေခရိုင်တရားရုံးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခဲ့တာဖြစ်ပြီး ထောင်ကျစဉ်က စစ်တွေအကျဉ်းထောင်မှာ ထိန်းသိမ်းထားခဲ့ပေမယ့် ဧပြီလဆန်းပိုင်းကတော့ ရန်ကုန် အင်းစိန်အကျဉ်းထောင်ကို ပြောင်းရွှေ့ လိုက်တာဖြစ်ပါတယ်။
ဒေါက်တာအေးမောင်ဟာ ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်း ထင်ရှားလာတဲ့ နိုင်ငံရေးသမားတစ်ယောက် ဖြစ်ပါတယ်။
ရခိုင်လူထုရဲ့ ထောက်ခံမှု အများအပြားရရှိထားတဲ့ ဒေါက်တာအေးမောင်ကို ထိန်းသိမ်းထားခြင်းဟာ ဒေသတွင်း နိုင်ငံရေးအခြေအနေကို များစွာထိခိုက်နိုင်ဖွယ်ရှိတယ်လို့ သူ့ကို စတင်ဖမ်းဆီးခဲ့ချိန်မှာ နိုင်ငံရေးသမားအများ အပြားက သုံးသပ်ခဲ့ကြပါတယ်။