တွန်းဇံမြို့နယ်မှာ ကိုဗစ် လူနာ ၈၂ ဦးအထိရှိနေပြီး တစ်ဦးသေဆုံး

မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံရဲ့ နယ်စပ်ဖြစ်တဲ့ ချင်းပြည်နယ် တွန်းဇံမြို့နဲ့ ကျီခါးမြို့ တို့မှာ မေလ ၃၁ ရက် မနေ့က ညနေပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့လူနာ ၈၂ ဦး အထိရှိလာပြီး ကိုဗစ်ရောဂါကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးလည်း မေလ ၃၀ ရက်နေ့ ညပိုင်းက သေဆုံး ခဲ့ပါတယ်။

တွန်းဇံမြို့နယ်မှာ ကိုဗစ်ရောဂါကြောင့် သေဆုံးသွားသူတစ်ဦးကို သင်္ဂြိုဟ်ဖို့ ပြင်ဆင်နေစဉ် Photo: Chin World

ချင်းပြည်နယ် မြောက်ပိုင်းက အိန္ဒိယနယ်စပ်နဲ့နီးတဲ့ တွန်းဇံနဲ့ ကျီခါးမြို့တွေမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက် ခံထားရတဲ့သူ ၈၂ ဦးအထိရှိနေပြီး တစ်ဦးသေဆုံးတယ်လို့ သတင်းရရှိပါတယ်။

အိန္ဒိယနိုင်ငံဟာ ကမ္ဘာမှာ ပိုးကူးစက်မှုအများဆုံး ဖြစ်နေပါတယ်။ ဒါကြောင့် အိန္ဒိယနိုင်ငံကနေတဆင့် ကူးစက်လာတာလို့ ဒေသခံတွေက ယူဆနေပါတယ်။

တွန်းဇံမြို့နယ်ဆေးရုံမှာ ပိုးတွေ့လူနာ ၃၉ ဦး၊ ကျီခါးမြို့မှာ ၄၃ ဦး အထိရှိနေတယ်လို့ တွန်းဇံမြို့နယ် ပြည်သူ့ဆေးရုံက အမည်မဖော်လိုတဲ့ တာဝန်ရှိသူတစ်ဦး က ပြောပါတယ်။

"လောလောဆယ် လက်ရှိအထိတော့ မြို့နယ်ဆေးရုံမှာ ၃၉ ယောက်ရယ်၊ ကျီခါး တိုက်နယ်ဆေးရုံမှာ ၄၃ ယောက်ရှိပါတယ်။ မနေ့ညအထိပေါ့ သေဆုံးသွားတဲ့ ဦးရေကတော့ ကျီခါးမှာ ၃၀ ရက်နေ့က ကိုယ်ဝန်ဆောင်သည် အမျိုးသမီး ဆုံးသွားပါတယ်။ ဇွန်လမှာမွေးမယ့်သူ ကိုယ်ဝန်လည်း ရှိနေတော့ ကိုယ်ခံအားလည်း တအားနည်းတာပေ့ါ။ ကိုယ်ဝန်ဆောင်ချိန်မှာတော့ သွေးသားလည်းနုတာပေါ့နော်။ အဲဒါကြောင့် ခံနိုင်ရည်လည်း မရှိဘူး။ စတက်တုန်းက သူ့အခြေအနေက အဆိုးကြီး မဟုတ်သေးဘူး။ ကျွန်တော်တို့ တင်လိုက်တယ်။ အောက်ဆီဂျင် ပေးတယ်။ သုံးရက်မြောက်မှာ အဲဲဒီလို စဖောက်ပြီးတော့ တခါတည်းဆုံးသွားတာ။"

တွန်းဇံမြို့နယ်ဆေးရုံနဲ့ ကျီခါးတိုက်နယ်ဆေးရုံကို မေလ ၂၇ ရက်နေ့ကစပြီး ရောက်လာတဲ့သူတွေမှာ ကိုရိုနာဗိုင်းရပ်စ်လက္ခဏာတွေဖြစ်တဲ့ ဖျားနာတာ၊ ချောင်းဆိုးတာ၊ လည်ချောင်းနာတာ၊ အနံ့မရတာ၊ အသက်ရှုရခက်တာ တွေ့ရှိရတယ်လို့လည်း ပြောပါတယ်။

သူတို့က မေလ ၁၁ ရက်နေ့ကတည်းကစပြီး ဒီရောဂါလက္ခဏာတွေ ခံစားနေကြရတာလို့ သိရပါတယ်။

"မီးစက်က ၂၄ နာရီ မောင်းလို့မရတဲ့အခါ လူနာတွေကို အောက်ဆီဂျင်ပေးဖို့ဟာ ခက်နေတယ်"

ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိ၊ မရှိကို Rapid Test Kit နဲ့ စစ်ဆေးနေပြီး မေလ ၃၁ ရက် မနေ့ကတော့ စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက Test Kit သုံးထောင်ပို့ပေးတယ်လို့ ကျီခါးမြို့က အမည်မဖော်လို တဲ့ အုပ်ချုပ်ရေးမှူး တစ်ဦးက ပြောပါတယ်။

"မီးစက်က ၂၄ နာရီ မောင်းလို့မရတဲ့အခါကျတော့ လူနာတွေကို အောက်ဆီဂျင်ပေးဖို့ဟာ ခက်နေတာ ရှိတယ်။ စစ်ဖို့ကတော့ မနေ့က အစိုးရကနေ လူ သုံးထောင်အတွက် ပို့တယ်ဆိုတော့ မနေ့ကလည်း မြို့ထဲမှာလည်း အော်ပြီးမှ စစ်ချင်တဲ့လူစစ်ပေါ့။ အဲလို ရောဂါရှိတဲ့လူကျတော့ သူအိမ်မှာ ကြိုးတန်းထားပြီး တော့မှ လုပ်ကြတယ်။ အခုချိန်ပေါ့။"

တွန်းဇံနဲ့ ကျီခါးမြို့တွေမှာ ပိုးတွေ့လူနာ များလာတာဟာ အိန္ဒိယဘက်ကနေ တောလမ်းကိုဖြတ်ပြီး အသွားအလာ လုပ်နေတဲ့သူတွေကတဆင့် ကူးစက်တာဖြစ်နိုင် တယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

"အိန္ဒိယကနေ ကူးလာတာပါ။ နယ်စပ်ဆိုတော့ ကျွန်တော်တို့အနေနဲ့ဆိုရင် ဟိုင်ကျင်းကလည်း နယ်စပ် ပေါ့နော်။ အဲလို အထွက်အဝင်များလို့ ဟိုဘက်ကနေ ကူးလာတာ။  ကျီခါးဆေးရုံမှာ တင်ထားတဲ့သူတွေက ဟိုင်ကျင်းကနေလည်း လာတယ်။ တွီးမြွေကနေလည်း လာတယ်။ အခု အောက်ဆီဂျင် ပေးထားတဲ့ ရှစ်ယောက်ဆိုရင်လည်း ကျီခါးမြို့ပေါ်က မဟုတ်ဘူး။ ရွာတွေကနေ တွီးမြွေ တို့ ခယ်မန်း တို့ကလာတာ။"

ဟိုင်ကျင်း၊ တွီးမြွေဆိုတဲ့ရွာတွေဟာ အိန္ဒိယနယ်စပ်မျဉ်းပေါ်က ကျေးရွာတွေဖြစ်ကြပြီး လူအဝင်အထွက်များတဲ့ ဒေသတွေ ဖြစ်ကြပါတယ်။

ချင်းပြည်နယ် တွန်းဇံမြို့နဲ့ စစ်ကိုင်းတိုင်း တမူးမြို့တွေကို မေလ ၂၈ ရက်နေ့က အိမ်မှာပဲနေရမယ့် Stay At Home ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။

(တွန်းဇံမြို့နယ်၊ ကျီခါးမြို့က ကိုရိုနာရောဂါပိုး တွေ့ရှိထားတဲ့ လူနာများ) Photo: CJ

အနောက်နိုင်ငံတချို့မှာ ကိုဗစ်ကူးစက်နှုန်းတွေ သိသိသာသာ လျော့သွားပေမယ့် အရှေ့တောင်အာရှ နိုင်ငံတွေမှာ ကူးစက်နှုန်းရော၊ သေဆုံးနှုန်းပါ မြင့်တက်နေသေးတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက သတိပေးချက် ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံမှာ မနေ့က တစ်ရက်တည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာသစ် ၅၈ ဦးရှိတယ်လို့ စစ်ကောင်စီရဲ့ အာဘော်တွေ ထုတ်ပြန်တဲ့ ကြေးမုံ သတင်းစာမှာ ဒီနေ့ဖော်ပြထားပါတယ်။

စစ်တပ်အာဏာမသိမ်းခင် ဇန်နဝါရီ လကုန်ပိုင်းလောက်မှာ မြန်မာနိုင်ငံကို ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး သုံးသန်းခွဲ ရောက်ခဲ့ပါတယ်။ အဲဒီထဲက တစ်ဒသမ နှစ်သန်း ဟာ အိန္ဒိယက လက်ဆောင်ပေးတာ ဖြစ်ပါတယ်။

စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာ ခင်ခင်ကြီး ကတော့ လက်ရှိ မြန်မာနိုင်ငံမှာ လူဦးရေ ၁၈ ဒသမ ၈ သိန်းဟာ အနည်းဆုံး ကိုဗစ်ကာကွယ်ဆေး တစ်ကြိမ်စီ ထိုးထားပြီးပြီ ဖြစ်လို့ ဆေးအလုံးရေ တစ်သန်းကျော်ကျန်နေသေးတယ်လို့ ပြောထားပါတယ်။

NLD အစိုးရလက်ထက်မှာ တစ်ရက်ကို လူတစ်သောင်းခွဲလောက် ကိုဗစ်ပိုးရှိ၊ မရှိ ဆေးစစ်ပေးနိုင်ခဲ့ပါတယ်။ အခု စစ်ကောင်စီလက်ထက်မှာတော့ တစ်ရက်ကို လူ နှစ်ထောင်လောက်ပဲ စစ်ဆေးပေးနိုင်နေတယ်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်ပိုးကို ၂၀၂၀ မတ်လက စတင်တွေ့ရှိခဲ့တာဖြစ်ပြီး ၂၀၂၁ မေလ ၃၁ ရက်နေ့အထိ ပိုးတွေ့သူပေါင်း ၁၄၃,၆၂၉ ရှိပြီး သေဆုံးသူ ၃၂၁၉ ယောက်ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org