သင့်မြတ်လိုသူများအဖွဲ့ဝင် ကိုဇော်ဇော်လတ်ကို နောက်ထပ် တစ်မှုတိုး အမှုဖွင့်
တရားမဝင်အသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) နဲ့ ချမ်းအေးသာစံမြို့နယ် အမှတ် (၈) ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအတွက် လှုပ်ရှားဆောင်ရွက်နေသူ ကိုဇော်ဇော်လတ်ကို လဝကအက်ဥပဒေပုဒ်မ ၁၃(၁)နဲ့ ဒီနေ့ ထပ်တိုးပြီး အမှုဖွင့်လိုက်ပါတယ်။
-
2015-07-28 -
-
-
တရားမဝင်အသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) နဲ့ ချမ်းအေးသာစံမြို့နယ် အမှတ် (၈) ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအတွက် လှုပ်ရှားဆောင်ရွက်နေသူ ကိုဇော်ဇော်လတ်ကို လဝကအက်ဥပဒေပုဒ်မ ၁၃(၁)နဲ့ ဒီနေ့ ထပ်တိုးပြီး အမှုဖွင့်လိုက်ပါတယ်။
ကိုဇော်ဇော်လတ်ကို ပုဒ်မ ၁၇(၁) နဲ့ စွဲထားတဲ့အမှုအတွက် ချုပ်ရက် (ရမန်) ကုန်သွားတာကြောင့် ငါးသိန်းနဲ့ အာမခံပေးလိုက်ပြီး တရားမဝင်နယ်စပ်ဖြတ်ကျော်မှု ပုဒ်မ ၁၃(၁) နဲ့ ဆက်လက်ဖမ်းဆီးထားတာ ဖြစ်တယ်လို့ ချမ်းအေးသာစံမြို့နယ်တရားရုံး ပြန်ကြားရေးအရာရှိ ဦးအောင်မျိုးညွန့်က ပြောပါတယ်။
"ကိုဇော်ဇော်လတ်ကို ပုဒ်မ ၁၇(၁) နဲ့ ရမာန်ယူထားတာ ဒီနေ့သူတို့က ကျနော်တို့ကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၇(၁)နဲ့ ငါးသိန်းတန် ခံဝန်ထားကြောင်း ကျနော်တို့ရုံးကို အစီရင်ခံထားပါတယ်၊ ဒီနေ့ လဝက ၁၃(၁) နဲ့ ၂၈ ရက်နေ့ကနေ ၃ဝ ရက်အထိ ရမာန်ထပ်ယူထားပါတယ်"
ကိုဇော်ဇော်လတ်ဟာ ဘာသာပေါင်းစုံလူငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ သင့်မြတ်လိုသူများအဖွဲ့က အဖွဲ့ဝင်ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် ဇွန်လက ကေအိုင်အေထိန်းချုပ်နယ်မြေအတွင်းက စစ်ဘေးဒုက္ခသည်စခန်းတွေထံ ပစ္စည်းတွေသွားရောက်လှူဒါန်းရာ သေနတ်ကိုင်ပြီးရိုက်ထားတဲ့ ဓာတ်ပုံတွေကို အင်တာနက်ဖေ့ဘွတ်စ်မှာ တင်ခဲ့တာဖြစ်ပါတယ်။
အဲဒီကိစ္စကြောင့် ချမ်းအေးသာစံမြို့နယ် အမှတ် (၈) ရဲစခန်းက ပြီးခဲ့တဲ့ ဇူလိုင်လ ၁၄ရက်နေ့မှာ မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁) နဲ့ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ အလားတူ သင့်မြတ်လိုသူများအဖွဲ့ဝင် မပွင့်ဖြူလတ်ကို တရားမဝင်နယ်စပ်ဖြတ်ကျော်မှု ပုဒ်မ ၁၃(၁) နဲ့ ဖမ်းဆီးထိန်းသိမ်းထားပါတယ်။