အာဏာသိမ်းသုံးနှစ်ကျော်အတွင်း ကလေး ရှစ်ရာကျော် သေဆုံးခဲ့ကြောင်း NUG ပြော

စစ်ကိုင်းတိုင်းက သေဆုံးတဲ့ကလေးဦးရေ ၂၅၀ ကျော်ရှိလို့ အများဆုံးဖြစ်ပြီး၊ ရှမ်းပြည်နယ်မှာ ဒုတိယအများနဲ့ ရခိုင်ပြည်နယ်က တတိယအများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန့်မွန်းမြို့မှ စစ်ဘေးဒုက္ခသည် ကလေးအချို့အား ၂၀၂၄ ခုနှစ် ဇွန်လ ၂၅ ရက်နေ့က တွေ့ရစဉ်။ Citizen Photo

စစ်အာဏာသိမ်းထားတဲ့ သုံးနှစ်ကျော်အတွင်း ကလေး ရှစ်ရာကျော် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာနက ဇွန်လ ၁၅ ရက်က ထုတ်ပြန်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၄ ခုနှစ် မေလ ၃၀ ရက်နေ့အထိ သေဆုံးခဲ့ရတဲ့ ကလေးငယ်အရေအတွက် ၈၀၂ ဦးဖြစ်ပြီး၊ အဲဒီအထဲမှာ ယောက်ျားလေး ၅၉ ဒသမ ၂ ရာခိုင်နှုန်း၊ မိန်းကလေး ၃၁ ဒသမ ၅ ရာခိုင်နှုန်း ဖြစ်တယ်လို့ ဆိုပါတယ်။ ကျန်တဲ့ ၉ ဒသမ ၂ ရာခိုင်နှုန်းက ရုပ်ဆင်းအင်္ဂါပျက်နေပြီဖြစ်တဲ့အတွက် ကျား၊ မခွဲခြားနိုင်ဘူးလို့ ဆိုပါတယ်။

ဒေသအလိုက်ဆိုရင် စစ်ကိုင်းတိုင်းက သေဆုံးတဲ့ကလေးဦးရေ ၂၅၀ ကျော်ရှိလို့ အများဆုံးဖြစ်ပြီး၊ ရှမ်းပြည်နယ်မှာ ဒုတိယအများနဲ့ ရခိုင်ပြည်နယ်က တတိယအများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

နှစ်အလိုက်ဆိုရင် ၂၀၂၁ ခုနှစ်မှာ ၉၅ ဦး၊ ၂၀၂၂ ခုနှစ်မှာ ၁၇၇ ဦး၊ ၂၀၂၃ ခုနှစ်မှာ ၃၅၅ ဦးနဲ့ အခုနှစ် ဇန်နဝါရီလကနေ မေလအတွင်း ၁၇၅ ဦးအထိ ရှိတယ်လို့ ဖော်ပြပါတယ်။

NUG ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရဲ့ တုံ့ပြန်ချက်သိရဖို့ RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org