အာဏာသိမ်းပြီးနောက် မီးရှို့ခံရတဲ့နေအိမ် ၈၆,၀၀၀ ကျော်အထိရှိလာ

အာဏာသိမ်းကာလ လက်နက်ကိုင်ပဋိပက္ခတွေအတွင်း ဘာသာရေးအဆောက်အအုံတွေ အပါအဝင် နေအိမ် ၈၆,၀၀၀ ကျော် မီးရှို့ခံခဲ့ရတယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခု ဖြစ်တဲ့ ISP-Myanmar က စက်တင်ဘာ ၂၉ ရက်မှာ ထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ရှမ်းထူးရွာ မီးရှို့ခံထားရသည်ကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့က တွေ့ရစဉ်။ Chaung U Revolution

အာဏာသိမ်းကာလမှာ လက်နက်ကိုင်ပဋိပက္ခတွေအတွင်း ဘာသာရေးအဆောက်အအုံ တွေ အပါအဝင် နေအိမ်၊ အဆောက်အအုံ ၈၆,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခု ဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေးအင်စတီကျု (ISP-Myanmar) က စက်တင်ဘာလ ၂၉ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၃ ခုနှစ် ဩဂုတ်လအထိ စာရင်းတွေဖြစ်ပြီး ခုခံစစ်တွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းက နေအိမ်၊ အဆောက်အအုံ ၆၂,၂၉၄ လုံးနဲ့ အများဆုံး မီးရှို့ဖျက်ဆီးခံခဲ့ရ တာပါ။

မကွေးတိုင်းက နေအိမ် ၁၃,၀၃၄ လုံး၊ ကချင်ပြည်နယ်က ၂၂၁၉ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာလည်း မီးရှို့ဖျက်ဆီးခံရမှုတွေ ဆက်ရှိနေပါတယ်။ ဒါဟာ နိုင်ငံတစ်ဝန်းက မြို့နယ်ပေါင်း ၁၁၀ ထက်မနည်းမှာ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံခဲ့ရတာလို့ ဆိုပါတယ်။

ဒီစာရင်းတွေဟာ လက်နက်ကိုင်ပဋိပက္ခများဆိုင်ရာ အချက်အလက်စုဆောင်းမှုနဲ့အညီ စုဆောင်းရရှိတဲ့ ကိန်းဂဏန်းတွေဖြစ်ပြီး မြေပြင်အခြေအနေမှာ ဒီထက်ပိုများနိုင်တယ် လို့လည်း ISP-Myanmar က ပြောပါတယ်။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒေသခံတွေရဲ့ နေအိမ်တွေကို သူတို့တပ်သားတွေ ဘယ်တော့မှ မီးမရှို့ဘူးလို့ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ RFA က မေးမြန်းချိန်မှာ ဖြေဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် နေရပ်စွန့်ခွာထွက်ပြေးရသူ ၁ ဒသမ ၆ သန်းကျော်အထိ ရှိလာနေပြီး အာဏာမသိမ်းခင်ကရှိနေတဲ့ အရေအတွက်နဲ့ပေါင်းရင် နိုင်ငံတစ်ဝန်းမှာ နေရပ်စွန့်ခွာသူဦးရေ ၁ ဒသမ ၉ သန်းကျော်အထိ ရှိနေတယ်လို့ UN OCHA က စက်တင်ဘာလ ၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org