ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ တိုးလာ
တရုတ်နိုင်ငံ အလယ်ပိုင်း ဝူဟန်မြို့က စပြီးပျံ့နှံ့လာတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် အခုတပတ်အတွင်း တရုတ်ပြည်မမှာ ရောဂါကူးစက်ခံရသူ အယောက် ၆၃ဝ ကျော် ရှိလာပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိနေပါပြီ။
-
2020-01-23 -
-
-
တရုတ်နိုင်ငံ အလယ်ပိုင်း ဝူဟန်မြို့က စပြီးပျံ့နှံ့လာတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး ကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးမှာ စိုးရိမ်ထိတ်လန့်နေကြပါတယ်။ အတည်ပြုပြီး သတင်းတွေအရ အခုတပတ်အတွင်း တရုတ်ပြည်မမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ အယောက် ၆၃ဝ ကျော် ရှိလာပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိနေပါပြီ။
ဒီဗိုင်းရပ်စ်ပိုး ပျံ့နှံ့နေတဲ့ နိုင်ငံ ၈ နိုင်ငံအထိရှိလာနေပါပြီ။ ဗီယက်နမ်၊ စင်္ကာပူ၊ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ ထိုင်းနိုင်ငံ၊ ဆော်ဒီအာရေးဗျ နဲ့ အမေရိကန်ပြည်ထောင်စုတို့မှာ ဒီဗိုင်းရပ်စ်ပိုးကို တွေ့ရှိထားပါတယ်။
ဒီဗိုင်းရပ်စ်ပိုး စတင်ဖြစ်ပွားရာ ဝူဟန်မြို့အပါအဝင် အနည်းဆုံး မြို့ကြီး ၃ မြို့ အတွင်း ရောက်နေသူတွေကို အဲဒီမြို့တွေကနေ အပြင်ကို မထွက်ဖို့ တရုတ်အစိုးရက ကြေညာချက်ထုတ်ထားပြီး သွားလာရေး လမ်းကြောင်းတွေကိုလည်း ပိတ်ဆို့ထားပါတယ်။
ရောဂါစတင်ဖြစ်ပွားခဲ့တဲ့ ဝူဟန်မြို့နဲ့ ရန်ကုန်မြို့အကြား အပတ်စဉ် တိုက်ရိုက်လေကြောင်း ပျံသန်းမှုကို ပြီးခဲ့တဲ့နှစ်က စတင်ခဲ့ပါတယ်။
လက်ရှိဖြစ်ပွားနေတဲ့ ကိုရိုနာ ဗိုင်းရပ်စ်ပိုးဟာ တရုတ်နိုင်ငံမှာ ပျံ့နှံ့ဖြစ်ပွားခဲ့ဖူးတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေဖြစ်စေတဲ့ ဆားစ် (Severe acute respiratory syndrome) ဗိုင်းရပ်စ်ပိုးနဲ့ မားစ် ( Middle East respiratory syndrome ) ဗိုင်းရပ်စ်ပိုးတွေနဲ့ ဆင်တူပါတယ်။
ရောဂါပိုး စတင်ပျံ့နှံ့ချိန်ဟာ တရုတ်နှစ်သစ်ကူးပွဲတော် အားလပ်ရက်အတွင်း တရုတ်လူမျိုး သန်းနဲ့ချီပြီး ခရီးသွားလာချိန်နဲ့ တိုက်ဆိုင်နေတာကြောင့် ရောဂါပိုးပျံ့နှံ့ဖို့ ပိုမိုလွယ်ကူနေတယ်လို့ တရုတ်အစိုးရက ထုတ်ပြန်ထားပါတယ်။
၂ဝဝ၃ ခုနှစ်က တရုတ်နိုင်ငံက စတင်ဖြစ်ပွားခဲ့တဲ့ ဆားစ် (SARS) ဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှုကြောင့် လူပေါင်း ၈ဝဝ ကျော် သေဆုံးပြီး၊ ကမ္ဘာတဝှမ်းမှာ လူပေါင်း ၈ဝဝဝ နီးပါး ရောဂါကူးစက်ခံခဲ့ရပါတယ်။
ဝူဟန်မြို့မှာ လက်ရှိ ဖြစ်ပွားနေတဲ့ ကိုရိုနာ ဗိုင်းရပ်စ်ပိုးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံတဝန်းက နယ်စပ် ဝင်ပေါက်၊ ထွက်ပေါက်တွေ အထူးသဖြင့် တရုတ်နယ်စပ်မှာ အဆုတ်ရောင်ရောဂါ၊ အဖျားရောဂါနဲ့ တုပ်ကွေးဆန်တဲ့ ရောဂါလက္ခဏာတွေကို စောင့်ကြပ်ကြည့်ရှုပြီး တုံ့ပြန်ဆောင်ရွက်မှု လုပ်ငန်းတွေကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နေတယ်လို့ ဇန်နဝါရီလ ၂၂ ရက်နေ့က ထုတ်ပြန်တဲ့ မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရောဂါပိုးကူးစက်မခံရအောင် ...
- ဖျားနာ၊ ချောင်းဆိုး၊ နှာချေ စတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာတွေ ခံစားနေရသူတွေနဲ့ နီးကပ်အောင်မနေဖို့၊
- လူထူထပ်တဲ့ နေရာကို မသွားဖို့၊
- နှာချေ၊ ချောင်းဆိုးတဲ့အခါ နှာခေါင်းနဲ့ ပါးစပ်လုံခြုံအောင် ဖုံးထားတဲ့ အဝတ်နဲ့ နှာခေါင်းစည်းအသုံးပြုဖို့၊
- တိရစ္ဆာန်တွေနဲ့ အကာအကွယ်မရှိဘဲ တိုက်ရိုက်မထိတွေ့ဖို့ ..စတာတွေကို လိုက်နာခြင်းဖြင့် ကာကွယ်နိုင်မယ်လို့လည်း မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။