ဝမ်ပေါင် ကြေးနီစီမံကိန်းက ကြေးနီသယ်ယာဥ်တန်း တိုက်ခိုက်ခံရ
လုံခြုံရေးယူပေးတဲ့ စစ်ကောင်စီယာဥ်တွေအပါ ယာဉ်အစီးရေ ခြောက်ဆယ်ကျော်ပါ ယာဥ်တန်းကို မုံရွာ-မန္တလေး ကားလမ်းပိုင်းမှာရှိတဲ့ ချောင်းဦးမြို့ပေါ်နဲ့ မြင်းမူမြို့နယ်တို့မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
-
RFA Burmese
2024-12-20 -
-
-
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် တရုတ် ဝမ်ပေါင် ကြေးနီစီမံကိန်းကနေ ကြေးနီနဲ့ ကြေးနီထုတ်ရာမှာ အသုံးပြုတဲ့ ကုန်ကြမ်းတွေ သယ်ဆောင်လာတဲ့ ယာဉ်တန်းကို ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
လုံခြုံရေးယူပေးတဲ့ စစ်ကောင်စီတပ်ယာဥ်တွေ အပါအဝင် ယာဉ်အစီးရေ ခြောက်ဆယ်ကျော်ပါ ယာဥ်တန်းကို မုံရွာ-မန္တလေး ကားလမ်းပိုင်းမှာရှိတဲ့ ချောင်းဦးမြို့ပေါ်နဲ့ မြင်းမူမြို့နယ်တို့မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် ကားနှစ်စီး ထိခိုက်ပျက်စီးတယ်လို့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF) တပ်ခွဲ အညာမိုင်းတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
"ဝမ်ပေါင်ကနေ လာတာက တွဲကားရော သံပြားကာ ကားရောက ၄၅ စီးဗျာ။ နောက်ကလိုက်တဲ့ ဒိုင်နာကားတွေရောဆိုရင် ခြောက်ဆယ်ကျော်တယ်။ အလာတုန်းကလည်း မိုင်းဆွဲတယ်။ အခု ဆားလင်းကြီး ဝမ်ပေါင်ကနေ အပြန်ကျတော့လည်း မိုင်းဆွဲတယ်။ နှစ်နေရာစလုံး မိုင်းထိထားတဲ့ ကားနှစ်စီးကတော့ ချန်ထားခဲ့တယ်။ ဒဏ်ရာရ အသေးစိတ်တော့ မသိရသေးဘူး။ ဝမ်ပေါင်ကနေ ထပ်ထွက်မဲ့ ကားတွေ ကျန်သေးတယ် ခင်ဗျ"
အဲဒီယာဥ်တန်းထဲမှာ မုံရွာ၊ ချောင်းဦးနဲ့ ဆားလင်းကြီး မြို့နယ်တွေကနေ စစ်မှုထမ်းဖို့ ဖမ်းဆီးခံရသူ လူငယ်နှစ်ရာ ခန့်ကိုလည်း ကားခြောက်စီးနဲ့ ခေါ်ဆောင်လာတာ တွေ့ရတယ်လို့ သူက ပြောပါတယ်။
စစ်ကောင်စီတပ်က ကြေးနီသယ်ကားတွေကို လုံခြုံရေးပေးဖို့အတွက် မုံရွာ-မန္တလေး ကားလမ်းတစ်လျှောက်မှာ ကင်းနေရာအများအပြားချထားပြီး မုံရွာမြို့နဲ့ မြင်းမူမြို့ ကြားထဲမှာ အင်အားသုံးရာ နီးပါးရှိတယ်လို့ ဆိုပါတယ်။
ဒီကြေးနီသယ်ယာဥ်တန်းဟာ ဒီဇင်ဘာလ ၁၅ ရက်နေ့ကလည်း ဝမ်ပေါင် ကြေးနီစီမံကိန်းကိုအလာ မုံရွာမြို့နယ် မအူရွာ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်အနီးမှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။
အဲဒီတိုက်ခိုက်မှုမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးပြီး ငါးဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ တိုက်ခိုက်မှုမှာ ပါဝင်ခဲ့တဲ့ Brave Heart Army - BHA အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ မြန်မာနိုင်ငံက တရုတ်စီမံကိန်းနဲ့ တရုတ်နိုင်ငံသား ဝန်ထမ်းတွေကို အစွမ်းကုန် ကာကွယ်ပေးသွားမယ်လို့ သြဂုတ် ၂၁ ရက်က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးနဲ့ တွေ့ဆုံချိန် ပြောထားပါတယ်။
ဒီဇင်ဘာလ ၁၃ ရက်နေ့လည်း ကြေးနီစီမံကိန်း လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က ရွာတွေဘက်ကို လက်နက်ကြီးနဲ့ လှမ်းပစ်တဲ့အတွက် လူနှစ်ထောင်ခန့် ဘေးလွတ်ရာ ထွက်ပြေးခဲ့ကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။