လာမယ့်ရက်တွေမှာ မိုးများပြီး မယ်ဆိုင်ချောင်းရေတက် ‌ရေကြီးနိုင်ကြောင်း လေ့လာသူပြော

တာချီလိတ်မြို့နဲ့ အနီးတစ်ဝိုက် မိုးများနိုင်တာကြောင့် မယ်ဆိုင်ချောင်းရေတက်လာနိုင်ပြီး ရေကြီးရေလျှံလာနိုင်တယ်လို့ အရပ်ဘက်မိုးလေဝသလေ့လာသူ ဦးဝင်းနိုင်က သတိပေးထားပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ ရပ်ကွက်တစ်ခုတွင် ရေကြီးနေသည်ကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်နေ့က တွေ့ရစဉ်။ KALAW TRAVELLING

စက်တင်ဘာ ၃၀ ရက်ကနေ အောက်တိုဘာ ၄ ရက်အထိ တာချီလိတ်မြို့နဲ့ အနီးတစ်ဝိုက် မိုးများနိုင်တာကြောင့် မယ်ဆိုင်ချောင်းရေတက်လာနိုင်ပြီး ရေကြီးရေလျှံလာနိုင်တယ်လို့ အရပ်ဘက်မိုးလေဝသလေ့လာသူ ဦးဝင်းနိုင်က သူ့ရဲ့ လူမှုကွန်ရက်ကနေ သတိပေးထားပါတယ်။

စစ်ကိုင်းတိုင်း ချင်းတွင်းမြစ်ဖျားက ခန္တီးမြို့နဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးနဲ့ လဟယ်မြို့တွေမှာ အောက်တိုဘာ ၁ ရက်ကနေ ၂ ရက်နေ့ နေ့လယ် ၁ နာရီအထိ (၂၄ နာရီအတွင်း) မိုးရေချိန် ၉ ဒဿမ ၀၉ လက်မအထိ မိုးသည်းထန်စွာရွာသွန်းနိုင်တယ်လို့လည်း သူက ဆိုပါတယ်။

ဒါပေမဲ့ ချင်းတွင်းမြစ်ရေဟာ ခန္တီးမြို့မှာ သတိပေးရေမှတ်အောက် ကျဆင်းနေတာကြောင့် မြစ်ရေတက်လာနိုင်မယ့် အခြေအနေတော့ လတ်တလော မရှိသေးဘူးလို့ ပြောပါတယ်။

အလားတူ စစ်ကိုင်းတိုင်းအထက်ပိုင်း ကလေးမြို့နယ်နဲ့ ချင်းပြည်နယ် တွန်းဇံမြို့နယ်တွေမှာလည်း အောက်တိုဘာ ၁ ရက်ကနေ ၂ ရက်နေ့ မနက် ၁ နာရီအထိ (၂၄နာရီအတွင်း) မိုးရေချိန် ၆ လက်မကနေ ၈ လက်မခွဲလောက်အထိ မိုးအလွန်များနိုင်တယ်လို့လည်း သူက ခန့်မှန်းထားပါတယ်။

ကလေးမြို့နယ်အတွင်း မြစ်သာမြစ်ရေ တက်လာနိုင်ပြီး နယ်နမိတ်ချင်းကပ်နေတဲ့ ချင်းပြည်နယ်မြောက်ပိုင်းမှာလည်း မိုးအလွန်များပြီး တောင်ကျချောင်းရေ ရုတ်တရက်ကျဆင်းတာ၊ မြေပြိုတာတွေ ဖြစ်နိုင်တယ်လို့ ဦးဝင်းနိုင်က ကြိုတင်သတိပေးထားပါတယ်။

စစ်ကောင်စီရဲ့ စက်တင်ဘာ ၂၇ ရက်အထိ စာရင်းတွေအရ ရာဂီတိုင်ဖွန်းမုန်တိုင်းကြောင့် နိုင်ငံတစ်ဝန်းက လူ ၄၃၃ ယောက် သေဆုံးခဲ့ပြီး တိရစ္ဆာန် တစ်သိန်းခုနစ်သောင်းကျော် (၁၇၆,၂၄၆) သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် မြို့နယ် ၁၁၀ က လူနေအိမ် တစ်သိန်းကျော် (၁၁၅,၀၀၂)၊ လမ်းတံတား တစ်ထောင်ကျော် (၁,၃၅၈)နဲ့ စပါးစိုက်ဧက ၇ သိန်း ၈ သောင်းကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org