ပိတ်ထားတဲ့ ဗလီ ၁၀၀ ကျော် ပြန်ဖွင့်ခွင့် အစိုးရကို တောင်းဆိုမည်

တစ်နိုင်ငံလုံးမှာ အပိတ်ခံထားရတဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဗလီဝတ်ကျောင်းတွေ ပြန်ဖွင့်ခွင့်ရရေးအတွက် ပြန်လည်ဖွင့်လှစ်ရေးကော်မတီကို ယာယီဖွဲ့စည်းထားပြီး စာရင်းကောက်ယူနေပါတယ်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာရှိတဲ့ ဂျမားဗလီကို တွေ့ရစဉ် Photo: ROMEO GACAD / AFP

မြန်မာတစ်နိုင်ငံလုံးမှာ အကြောင်းအမျိုးမျိုးကြောင့် ပိတ်ပင်ခံထားရတဲ့ အစ္စလာမ်ဘာသာဝင်တွေ ဝတ်ပြုရာဗလီတွေ ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက တိုင်းနဲ့ပြည်နယ် အသီးသီးက အစ္စလာမ်ဘာသာဝင်တွေ ရန်ကုန်မြို့မှာတွေဆုံပြီး ဗလီတွေပြန်ဖွင့်ခွင့်ရရှိရေး စာရင်းကောက်ယူဖို့ ကော်မတီ ဖွဲ့ခဲ့တာဖြစ်ပါတယ်။

လတ်တလောမှာ တိုင်းနဲ့ပြည်နယ် ၁၀ ခုလောက်က ပိတ်ပင်ခံထားရတဲ့ ဗလီ ၄၀ ကျော်စာရင်း ရရှိထားပြီး စာရင်းတွေဆက်ကောက်နေဆဲပဲလို့ ပြန်လည်ဖွင့်လှစ်ရေးကော်မတီ (ယာယီ)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမောင်မောင်မြင့်က ပြောပါတယ်။

"တစ်နိုင်ငံလုံးမှာ အပိတ်သိမ်းအဖျက်စီးခံထားရတဲ့  ဗလီဝတ်ကျောင်းတော်တွေရဲ့ စာရင်းတစ်ခုကို ပြုစုမယ်၊ ပြုစုပြီးရင် ကော်မတီတစ်ခုဖွဲ့လိုက်မယ်။ ပြီးရင် အဲကော်မတီကနေ နိုင်ငံတော်အကြီးအကဲတွေဆီ တင်ပြတောင်းဆိုမယ်ဆိုပြီးတော့ အဲလိုလုပ်တာပါ၊ အခုလောလောဆယ်တော့ အပျက်စီးခံထားရတဲ့ ဗလီ ၄၀ ကျော် စာရင်းရထားပါတယ်ခင်ဗျ"

ဒီဗလီတွေဟာ ၂၀၁၂ ပဋိပက္ခတွေနောက်ပိုင်း အပိတ်ခံရတာတွေများသလို၊ တခြား အခြေအနေအမျိုးမျိုးကြောင့် ပိတ်ပင်ခံရတာတွေလည်း ရှိတယ်လို့ ဦးမောင်မောင်မြင့်က ဆက်ပြောပါတယ်။

အပိတ်ခံရတဲ့ ဗလီအများဆုံးရှိတာကတော့ မန္တလေးတိုင်းဒေသကြီးမှာ ဖြစ်ပြီး အထူးသဖြင့် မိတ္ထီလာနဲ့ ရမည်းသင်းတို့က ဖြစ်တယ်လို့ သိရပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပိတ်ပင်ခံထားရတဲ့ ဗလီ ၁၀၀ကျော် ရှိနိုင်ပြီး လက်ရှိ စာရင်းကောက်ယူတဲ့အထဲမှာ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခတွေ အများဆုံးဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်က စာရင်းတော့ မပါသေးဘူးလို့ ဆိုပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပြီးခဲ့တဲ့ ၂၀၁၂ ကစပြီး ဗလီ ၂၀ ကျော်လောက် ပိတ်ခဲ့ရတာနဲ့ ဖျက်ခံခဲ့ရတာတွေရှိခဲ့တယ်လို့ စစ်တွေမြို့ခံ ဦးကျော်လှအောင် က ပြောပါတယ်

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရင်းတွေအရ ရခိုင်ပြည်နယ် မောင်တောမြို့မှာ ဗလီ ၈၀၀ ကျော်၊ ဘူးသီးတောင်မြို့နယ်မှာ ဗလီ ၄၀၀ ကျော်နဲ့ ရသေ့တောင်မြို့နယ်မှာ ဗလီ ၁၀ လုံးရှိပြီး ဘယ်နှစ်လုံးပိတ်ထားတယ်၊ ဘယ်နှစ်လုံးဖျက်စီးခံရတယ်ဆိုတာတော့ မသိရပါဘူး။

ဗလီတွေ ပြန်ဖွင့်ခွင့်ရရေး  အရင်က တစ်မြို့နယ်ချင်းစီပဲ တင်ပြတောင်းဆိုခဲ့ရာကနေ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဒါပထမဆုံး တောင်းဆိုမှုဖြစ်ပါတယ်။

ဒီလိုတောင်းဆိုဖို့ ဖြစ်လာတာဟာ ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်- ဗလီတချို့ကို သွားရောက်တာတွေနဲ့ သက်ဆိုင်မလားလို့ မေးမြန်းရာမှာတော့ ဦးမောင်မောင်မြင့်က မဟုတ်ဘူးလို့ ပြောပါတယ်။

"မြို့နယ်အလိုက် ပိတ်သိမ်းတာတွေကို သူတို့ဘာသူတို့ ကြိုးစားနေသလို နိုင်ငံတော်အကြီးအကဲတွေဆီကျ သူတို့က လက်လှမ်းမမှီဘူး၊ အဲဒါကြောင့် ကျနော်တို့က အစုအဖွဲ့လုပ်ပြီး တစ်နိုင်ငံလုံးက စာရင်းတွေကိုပြုစုပြီး နိုင်ငံတော်ကိုတင်ပြမှာပါ၊ ကာကွယ်ရေးဦးစီးချုပ်က ခုတလောမှာ ဗလီတွေ၊ ကျောင်းတွေသွားတဲ့ကိစ္စတွေ၊ လှူဒါန်းတာတွေ၊ ကျနော်တို့လည်း တွေ့ပါတယ်၊ ကျနော်တို့လည်း ကြိုဆိုလည်းကြိုဆိုပါတယ်၊ ဒါပေမဲ့ အဲကိစ္စကြောင့်လုပ်တာတော့မဟုတ်ပါဘူး"

မြန်မာပြည် လူဦးရေ စုစုပေါင်းရဲ့ လေးရာခိုင်နှုန်းကျော်ရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေဟာ ဗလီ အများအပြား အပိတ်ခံထားရတဲ့ကာလအတွင်း ဝတ်ပြုဆုတောင်းရာမှာ အခက်အခဲတွေ ကြုံတေ့ွနေရတယ်လို့ ပြောကြပါတယ်။

ဗလီတွေဟာ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခတွေကြောင့် အပိတ်ခံရတာ ရှိပါတယ်။ ရပ်ရွာတွေအတွင်း ဖြစ်ပွားတဲ့ လူမှုရေးပြဿနာတွေကြောင့် ဗလီတချို့ ဖျက်ဆီးခံရတာလည်း ရှိပါတယ်။

ဒါဟာ အစိုးရအာဏာပိုင်တွေဘက်က အကာအကွယ်ပေးတာ အားနည်းတဲ့အတွက် လူနည်းစုဘာသာဝင်တွေ ခွဲခြားဆက်ဆံခံရတာလို့လည်း အစ္စလာမ်ဘာသာဝင်တွေက သူတို့ခံစားချက်ကို ပြောပါတယ်။

အဲဒီလို ပြောလာသူတစ်ဦးကတော့ အစ္စလာမ် ဘာသာဝင်တစ်ဦးလည်းဖြစ်၊ ဗလီတွေ ပြန်လည်ဖွင့်လှစ်နိုင်ရေးဖွဲ့စည်းထားတဲ့ ယာယီကော်မတီဝင်တစ်ဦးလည်းဖြစ်တဲ့  ဦးကျော်နေမင်း ဖြစ်ပါတယ်။

"ဒီလိုမျိုး ဗလီတွေအပျက်ခံရတယ်၊ အထိကရုဏ်းတွေဖြစ်တယ် အရေးအခင်းတွေဖြစ်တဲ့အခါမှာ ဦးသိန်းစိန်အစိုးရလက်ထက်မှာ စပြောတယ် ၊ နောက်ကွယ်က အင်းအားစုတွေရှိတယ်၊ လက်မဲကြီးတွေရှိတယ်။ ဒါပေမဲ့ ဘယ်တုန်းကမှ မဖော်ထုတ်ခဲ့ဘူး၊ အဲဒါ ဘယ်အထိလာလည်းဆိုတော့ ကျနော် ပွင့်ပွင့်လင်းလင်းပြောတာ NLD အစိုးရလက်ထက်မှာဆိုရင် ၂၀၁၆၊၂၀၁၇၊၂၀၁၈၊ ၂၀၁၉ ဘယ်နှစ်မှလွတ်တာမရှိဘူး။ အဲမှာလည်းဖျက်စီးထားတာ အများကြီးရှိတယ်၊ တကယ်တမ်းဆိုရင် အစိုးရတာဝန်ရှိတဲ့သူတွေအနေနဲ့ ဒါကို ထိထိရောက်ရောက် ဟန့်တားဖို့လိုတယ် သို့သော် အဲလိုမလုပ်ခဲ့ဘူး၊ ကျနော်ထင်တာတော့ လူနည်းစုတွေကို NLDအစိုးရအနေနဲ့ လုံလောက်တဲ့ အကာအကွယ်မပေးနိုင်ဘူးလို့ ယူဆတယ်"

လက်ရှိ NLD အစိုးရလက်ထက်မှာလည်း လူနည်းစုတွေအပေါ် အကာအကွယ်ပေးမှု အားနည်းနေသလားဆိုတာ RFA က NLD ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်ကို ဆက်သွယ်မေးမြန်းရာမှာတော့---

"တစ်ဘက်မှာလည်း ဘာသာရေးအရ အယူသီးသူများရဲ့ တိုက်ခိုက်မှုကြောင့် ကျနော်တို့က ဒီဟာကို ဒီမိုကရေစီစံနှုန်းအရ ပြည့်ဝအောင်လုပ်နိုင်ခြင်းမရှိဘူးဆိုတာ မှန်ပါတယ်၊ ဒါပေမဲ့ ကျနော်တို့လုပ်နိုင်တဲ့ ဘောင်အတွင်းမှာတော့ ကျနော်တို့ အကောင်းဆုံးခွင့်ပြုခဲ့တယ်လို့တော့ ပြောချင်ပါတယ်"

ဒီလိုဗလီတွေ ပြန်ဖွင့်ခွင့်ရရေး စာရင်းကောက်ယူတာ၊ တောင်းဆိုဖိ့ုပြင်ဆင်နေတာတွေနဲ့ ပတ်သက်ပြီး သာသနာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းကို ဆက်သွယ်မေးမြန်းရာမှာတော့ ဘာမှမှတ်ချက်မပေးလိုကြောင်း ပြောပါတယ်။

ဗလီတွေပြန်ဖွင့်ခွင့် ရရေးဟာ သာသနာရေးဝန်ကြီးဌာနနဲ့ သက်ဆိုင်တယ်ဆိုပေမယ့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ အစိုးရရဲ့ သဘောထားအပေါ်မှာ မူတည်နေတယ်လို့လည်း သုံးသပ်ကြပါတယ်။

ပြန်ဖွင့်ခွင့် ရရှိနိုင်ခြေရှိတယ်လို့လည်း မျှော်လင့်ထားကြပါတယ်။

ဦးကျော်နေမင်းက သူတို့မျှော်လင့်ချက်နဲ့ပတ်သက်လို့ အခုလိုပြောပါတယ်။

"၂၀၂၀ကိုလည်းရောက်လာပြီ။ ကျိန်သေပေါက် အာဏာရပါတီအနေနဲ့ လူနည်းစုတွေရဲ့ မဲကိုလိုချင်မှာဘဲ၊ လူနည်းစုတွေကလည်း တစ်ဘက်က ပြန်စဉ်းစားပါတယ်၊ ငါတို့ကို လက်ရှိအာဏာရအစိုးရက တကယ်ပဲ အကာအကွယ်ပေးနိုင်လား၊ နှစ်က ကျနော်တို့ ဘာတွက်လည်းဆိုတော့ တပ်မတော်ပေါ့၊ ဟုတ်သော်ရှိ မဟုတ်သော်ရှိ၊ နိုင်ငံတကာသတင်းတွေအရ တပ်မတော်ကလည်း အကြောင်းအရာတွေနဲ့ ပြင်ပမှာ ရင်ဆိုင်နေရတာရှိတယ်၊ သူကလည်း ကျနော်စဉ်းစာတာ ပြည်တွင်းမှာရှိတဲ့ မွတ်စလင်တွေနဲ့  လူနည်းစုတွေအားလုံးနဲ့ ဟာမိုနီဖြစ်ဖို့ ကာချုပ်ပြောတဲ့အထဲမှာလည်း ပါပါတယ်၊ သွေးစည်းညီညွတ်ဖို့ သူကဒီလိုမျိုးလုပ်ချင်တာတွေရှိပါတယ်၊ နှစ်ခုနှိုင်းယှဉ်တဲ့အခါမှာ ဒီအခြေအနေကတော့ အချိန်အခါကောင်းတစ်ခုကို ရောက်လာတယ်"

ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အစ္စလာမ်ဘာသာရေးခေါင်းဆောင်တချို့ တွေ့ဆုံရာမှာလည်း ဗလီတွေပြန်ဖွင့်ခွင့် ရရှိဖို့ တောင်းဆိုတာ ရှိခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီးကလည်း မြန်မာပြည်မှာ ဘာသာရေးခွဲခြားမှုမရှိကြောင်း၊ နိုင်ငံသားဆိုတဲ့ ခေါင်းဆောင်အောက်မှာပဲ လူမျိုးဘာသာမခွဲခြားဘဲ စည်းလုံးညီညွတ်စွာနေကြဖို့ လိုကြောင်း ဒီတေ့ွဆုံမှုတွေမှာ တိုက်တွန်းပြောဆိုခဲ့ပါတယ်။

လက်ရှိကော်မတီက ကောက်ယူရရှိထားတဲ့ စာရင်းတွေကို နိုင်ငံတော် သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ သာသာရေးဝန်ကြီးဌာနနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ထံ ပေးပို့ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်ခင်ဗျာ။

(RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့သည်)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org