ကိုကာကိုလာစက်ရုံ အလုပ်သမား ၂၀၀ ခန့်ကို အလုပ်ထုတ်ပယ်

ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်က ကိုကာကိုလာ အချိုရည်စက်ရုံမှာရှိတဲ့ ကုန်ပစ္စည်း ပို့ဆောင်ရေးလုပ်ငန်းစဉ်ကို ပြင်ပကုမ္ပဏီတစ်ခုကို ပြောင်းလဲတာဝန်ပေးလိုက်တာကြောင့် လက်ရှိအလုပ်လုပ်နေတဲ့ ဝန်ထမ်း ၂၀၀ ခန့်ကို ကုမ္ပဏီဘက်က ဒီနေ့ နစ်နာကြေး တစ်လစာပေးပြီး အလုပ်ထုတ်လိုက်ပါတယ်။

ကိုကာကိုလာ အမှတ်တံဆိပ်ကို တွေ့ရစဉ် Photo: Cocacola Facebook

ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်က ကိုကာကိုလာ အချိုရည်စက်ရုံမှာရှိတဲ့ ကုန်ပစ္စည်းပို့ဆောင်ရေးလုပ်ငန်း စဉ်ကို ပြင်ပကုမ္ပဏီတစ်ခုကို ပြောင်းလဲတာဝန်ပေးလိုက်တာကြောင့် လက်ရှိအလုပ်လုပ်နေတဲ့ ဝန်ထမ်း ၂၀၀ ခန့်ကို ကုမ္ပဏီဘက်က ဒီနေ့ နစ်နာကြေး တစ်လစာပေးပြီး အလုပ်ထုတ်လိုက်ပါတယ်။

အလုပ်သမားတွေကို ကြိုတင်အကြောင်းမကြားဘဲ နစ်နာကြေးတစ်လစာပေးပြီး ထုတ်လိုက်တာကြောင့် ဝန်ထမ်းတွေက မကျေမနပ်ဖြစ်နေကြတယ်လို့ အလုပ်သမားအရေးဆောင်ရွက်နေတဲ့ မှော်ဘီမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရပ်ကျေးတာဝန်ခံ ဒေါ်မီးမီးဦး က ပြောပါတယ်။

"ဘာကြောင့်ထုတ်တယ်ဆိုတာ  သူတို့က ကုမ္ပဏီဖျက်သိမ်းတယ်ဆိုပြီး ပြောပြီးထုတ်တာ အဲဒါကလည်း အလုပ်သမားတွေကို ကြိုတင်ပြီး ပြောဆိုချင်းမရှိဘဲနဲ့ အခုလိုစာထွက်ပြီး ထုတ်တယ်လုပ်တော့ အလုပ် သမားတွေကလည်း မကျေနပ်ကြဘူးပေါ့ တစ်လစာပေးပြီး ထုတ်မယ်လို့ပြောတယ်၊ အခုတစ်လ စာပေးပြီး ထုတ်ပြီးသွားပြီပေါ့ အလုပ်သမားတွေက မကျေနပ်ကြဘူး"

စက်ရုံကို ဖျက်သိမ်းလိုက်တာကြောင့် အလုပ်ကနေ ထုတ်လိုက်တာလို့ အလုပ်သမားတွေက သိရှိထားပြီး ကိုကာကိုလာအချိုရည်စက်ရုံ တာဝန်ရှိသူတွေကို RFA က ဆက်သွယ်ရာမှာ စက်ရုံကို ဖျက်သိမ်းလိုက်တာမဟုတ်ဘဲ ကုန်ပစ္စည်းပို့ဆောင်တဲ့ လုပ်ငန်းစဉ်ကိုဘဲ ဖျက်သိမ်းလိုက်တာလို့ စာနဲ့အကြောင်းပြန်ပါတယ်။   

ဒါ့အပြင် ကုမ္ပဏီဘက်က ကုန်ပစ္စည်းပို့ဆောင်ရေးလုပ်ငန်းစဉ်ကို ပြောင်းလဲတာဝန်ပေးလိုက်တဲ့ ကုမ္ပဏီမှာ အလုပ်ထုတ်ခံရတဲ့ ဝန်ထမ်းတွေကို အလုပ်ခန့်အပ်နိုင်ဖို့ ညှိနှိုင်းနေသလို အခြားကုမ္ပဏီတွေမှာလည်း အလုပ်ရရှိနိုင်အောင် စီစဉ်နေတယ်လို့ အကြောင်းပြန်စာမှာ ပါရှိပါတယ်။

အလုပ်ပြန်လည်ရရှိရေးအတွက် ညှိနှိုင်းလို့ အဆင်မပြေခဲ့ရင် အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေကို ပြည်တွင်း အလုပ်သမားဥပဒေအတိုင်း လုပ်သက်အလိုက် နစ်နာကြေးပေးမယ်လို့လည်း ကိုကာကိုလာကုမ္ပဏီဘက်က RFA ထံ ပြန်လည်ပေးပို့တဲ့စာမှာ ပါရှိပါတယ်။

အလုပ်သမားတွေဘက်က အလုပ်စဝင်စဉ်အခါက စာချုပ်တွေ ချုပ်ဆိုထားတာကြောင့် အလုပ်သမားဝန်ကြီးဌာနထံ ဥပဒေအတိုင်း တိုင်ကြားသွားမယ်လို့ ပြောပါတယ်။

ကိုကာကိုလာ ကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ ဒေါ်လာ သန်းနှစ်ရာကျော် ရင်းနှီးမြုုပ်နှံထားပြီး ဝန်ထမ်းဦးရေ ၁၅၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

အလုပ်သမားဦးရေ ၂၀၀ လောက်ကို နစ်နာကြေး တစ်လစာ ပေးပြီး ထုတ်ပယ်လိုက်တယ်လို့ အလုပ်သမားတွေက ပြောထားပေမယ့် ကိုကာကိုလာ ကုမ္ပဏီဘက်ကတော့ လုပ်သား ၂၀၀ လောက် မရှိကြောင်းနဲ့ အဲဒီထက် သိသိသာသာ လျော့နည်းတဲ့ ပမာဏ ဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် အရေအတွက် အတိအကျကိုတော့ ထုတ်ပြန်ခြင်းမရှိပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org