ကိုကာကိုလာ စက်ရုံ အလုပ်သမားတွေ ဆန္ဒပြ


2018.02.25
coca-cola-workers-protest-622.jpg Coca Cola စက်ရုံ အလုပ်သမားများ မှော်ဘီမြို့နယ် အားကစားကွင်းမှာ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ဆန္ဒဖော်ထုတ်စဉ်
Photo: Ctum Myanmar - facebook

လုပ်ငန်းခွင် အာမခံချက် ခိုင်မြဲဖု့ိအတွက်ဆိုပြီး ကိုကာကိုလာစက်ရုံက အလုပ်သမားသမဂ္ဂတွေနဲ့ အလုပ် သမားတွေ စုစုပေါင်း ၂၀၀ နီးပါးဟာ ဒီကနေ့ မှော်ဘီမြို့နယ် အားကစားကွင်းမှာ ဆန္ဒပြကြပါတယ်။

အလုပ်သမားအယောက် ၁၆၆ ယောက် အထုတ်ခံရပြီးတဲ့နောက်မှာ ကျန်ခဲ့တဲ့ အလုပ်သမားတွေလည်း အလုပ် ထုတ်ခံရမှာကို စိုးရိမ်ပူပန်တာတွေရှိနေတာကြောင့် အခုလို ဆန္ဒပြတာဖြစ်တယ်လို့ ကိုကာကိုလာကုမ္ပဏီ အလုပ်သမားသမဂ္ဂက ကိုစိုးကိုကိုနိုင် က ပြောပါတယ်။

"အလုပ်ထုတ်ခံရတဲ့ဝန်ထမ်းတွေရှိတယ်။ အလုပ်ထုတ်ပြီး နောက်ပိုင်းမှာ ကျန်ခဲ့တဲ့ အလုပ်သမားတွေရဲ့ လုပ်ငန်းခွင် မငြိမ်မသက်ဖြစ်မှု၊ လုပ်ငန်းခွင် အာမခံချက် ခိုင်မြဲစေဖို့အတွက် ပြတာခင်ဗျ။ လုပ်ငန်းခွင် မှာက ကျန်တဲ့ဌာနတွေလည်း ရှိနေတယ်လေ။ စတိုတို့ စသဖြင့် လုံခြုံရေးတို့ ဌာနစိတ်တွေရှိတယ်။ အခုလိုမျိုးပဲ ရှေ့မှာ ၁၆၆ ယောက် ထုတ်ခဲ့သလိုပဲ တခြားကုမ္ပဏီတစ်ခုကို လွှဲပြောင်းပေးမှာ ဖြစ်တဲ့ အတွက်ကြောင့်ဆိုပြီး စာချုပ်ရပ်စဲမှာ သူတို့စိုးရိမ်နေကြတယ်ပေါ့"

ဒီနေ့ ဆန္ဒပြပွဲမှာ လှိုင်သာယာမြို့နယ်နဲ့ မှော်ဘီမြို့နယ်မှာရှိတဲ့ ကိုကာကိုလာစက်ရုံက အလုပ်သမားတွေနဲ့ အလုပ်သမားသမဂ္ဂတွေ ပါဝင်ခဲ့ကြတာဖြစ်ပါတယ်။

ဆန္ဒပြသူတွေဟာ ကိုကာကိုလာဝန်ထမ်းတွေ အလုပ်အကိုင်အာမခံရရှိရေး၊ အစမ်းသပ်ခံ အလုပ်သမားဘ၀ အလိုမရှိ၊ What is the Coca Cola Family , We need a real family စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ကိုကာကိုလာစက်ရုံမှာရှိတဲ့ ကုန်ပစ္စည်းပို့ဆောင်တဲ့လုပ်ငန်းစဉ်ကို ပြင်ပ ကုမ္ပဏီတစ်ခုထံ လုပ်ငန်းအပ်နှံလိုက်တာကြောင့် အဲဒီလုပ်ငန်းစဉ်မှာ လုပ်ကိုင်နေတဲ့ အလုပ်သမား ၁၆၆ ယောက်ကို လာမယ့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ ကုမ္ပဏီဘက်က နစ်နာကြေးပေးပြီး အလုပ်ကနေ ထုတ်ပယ်မှာဖြစ်ပါတယ်။

အဲဒီအလုပ်သမားတွေဟာ ကိုကာကိုလာစက်ရုံမှာပဲ အလုပ်ပြန်လုပ်လိုကြောင်းနဲ့  အလုပ်ပြန်လုပ်ခွင့် မရဘူးဆိုရင် ပြည်တွင်းအလုပ်သမား ဥပဒေအတိုင်း လုပ်သက်အလိုက် နစ်နာကြေးပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

စက်ရုံဘက်က အလုပ်ထုတ်လိုက်တဲ့ အလုပ်သမားတွေအတွက် ဥပဒေနဲ့အညီ နစ်နာကြေးပေးမှာဖြစ်ပြီး အခုလို ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြတာကိုလည်း လေးစားကြောင်း၊ အလုပ်သမားတွေ၊ အလုပ်သမားသမဂ္ဂတွေကို လည်း  ပြောချင်တဲ့ အကြံဉာဏ်တွေ၊ စိုးရိမ်တာတွေကိုလည်း အပြုသဘောဆောင်ပြီး ပြေပြေလည်လည် ဆွေးနွေး သွားနိုင်ဖို့ ဖိတ်ခေါ်တဲ့အကြောင်း ကြေညာချက်ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။