တီကျစ် ကျောက်မီးသွေးစက်ရုံ စမ်းသပ်လည်ပတ်
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင် ပင်လောင်းမြို့နယ် တီကျစ်ကျေးရွာမှာရှိတဲ့ တီကျစ် ကျောက်မီးသွေးရေနွေးငွေ့ ဓာတ်အားပေးစက်ရုံကို အကြီးစားပြန် လည်ပြင်ဆင်နေရာ က ပြန်လည်ပတ်နိုင်ဖို့ မနေ့မနက်က စမ်းသပ်လည်ပတ် ပါတယ်။
-
2016-10-22 -
-
-
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင် ပင်လောင်းမြို့နယ် တီကျစ်ကျေးရွာမှာရှိတဲ့ တီကျစ် ကျောက် မီးသွေးရေနွေးငွေ့ဓာတ်အားပေးစက်ရုံကို အကြီးစားပြန် လည်ပြင်ဆင်နေရာက ပြန်လည်ပတ်နိုင်ဖို့ မနေ့မနက်က စမ်းသပ်လည်ပတ်ပါတယ်။
ဒီစက်ရုံစီမံကိန်းကို လူထုကလက်မခံဘူးလို့ ဒေသခံ ဦးစိန်သောင်းကပြောပြပါတယ်။
"စက်စမ်းသပ်လည်တယ်ဗျ၊ တအားကြီးပြင်းတယ်၊ လပိုင်းအတွင်း စမ်းသပ်လည်မယ်လို့ ပြောတယ်ဗျ၊ ရှမ်းပြည်နယ်အစိုးရကဝန်ကြီးတွေ လက်မှတ်ထိုးထားလို့ လည်မယ်လို့ပြောနေတယ်ဗျ၊ ကျနော်တို့ပြည်သူ လူထုက လုံးဝလက်မခံဘူး"
ပြည်သူလူထုလက်ခံမှ ဒီစက်ရုံလည်ပတ်မယ့်အကြောင်း လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဌာနတာဝန်ရှိသူတယောက် ကပြောကြားတယ်လို့ Weekly Eleven သတင်းမှာ ပါရှိပါတယ်။
ဒါပေမဲ့ သက်ဆိုင်ရာက လူထုနဲ့တွေ့ဆုံတဲ့အခါ ဒေသခံအားလုံးမပါဝင်ဘဲ အနည်းအကျဉ်းကိုပဲ တွေ့ဆုံခဲ့တာလို့ လူထုအခြေပြုအဖွဲ့အစည်းတွေကပြောပါတယ်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တီကျစ်ကျောက်မီးသွေးတွင်းက ကျောက်မီးသွေးနဲ့ စက်ရုံလည်ပတ်တာလို့ MATA - Myanmar Alliance for Transparency and Accountability မြန်မာပွင့်လင်းမြင်သာမှုနဲ့ အကောင်အထည်ဖော်မှု မဟာမိတ်အဖွဲ့ဝင် ကိုမိုးက ပြောပါတယ်။
"ကျောက်မီးသွေးကို အသုံးပြုပြီးတော့မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်တဲ့ ကုမ္ပဏီကတော့ တရုတ်နိုင်ငံက ကုမ္ပဏီနဲ့ ကျနော်တို့ မြန်မာအစိုးရနဲ့ သဘောတူစာချုပ်ချုပ်ထားပါတယ်"
စက်ရုံပတ်ဝန်းကျင်မှာ နေထိုင်သူတွေဟာ စက်ရုံက အခိုးအငွေ့တွေ ပြာတွေရှူရှိုက်ရတဲ့အတွက် အရင်က မဖြစ်ဖူးတဲ့ ဝေဒနာတွေခံစားရပြီး ကျန်းမာရေး ထိခိုက်ရပါတယ်။
တီကျစ် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံကို ၂၀၀၂ ခု စတင်တည်ဆောက်ခဲ့ပြီး ၂၀၀၅ မှာ စတင်လည်ပတ် ရာက အကြီးစားပြင်ဆင်ဖို့ ၂၀၁၄ မှာရပ်နားခဲ့ပါတယ်။