ပိုက်လိုင်းဖောက်မှုကို နမ့်ခမ်းလယ်သမားတွေ ငြင်းဆို
ရခိုင်ပြည်နယ်ကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ ဖောက်လုပ်နေတဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းနဲ့ ပတ်သက်ပြီး ခုရက်ပိုင်းတွေအတွင်း အာဏာပိုင်တွေက ဒေသခံတွေအနေ နဲ့ စီမံကိန်းအပေါ် သဘောတူကျေနပ်ကြောင်း လက်မှတ်ရေးထိုးခိုင်းတာကို ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်က လယ်သမားတွေက ငြင်းဆန်လိုက်တယ် လို့ သိရပါတယ်။
-
2013-04-19 -
-
-
ရခိုင်ပြည်နယ်ကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ ဖောက်လုပ်နေတဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းနဲ့ ပတ်သက်ပြီး ခုရက်ပိုင်းတွေအတွင်း အာဏာပိုင်တွေက ဒေသခံတွေအနေနဲ့ စီမံကိန်းအပေါ် သဘောတူကျေနပ်ကြောင်း လက်မှတ်ရေးထိုးခိုင်းတာကို ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်က လယ်သမားတွေက ငြင်းဆန်လိုက်တယ်လို့ သိရပါတယ်။
ဒေသခံအာဏာပိုင်တွေနဲ့ တရုတ်ကုမ္ပဏီတွေပူးပေါင်းပြီး လယ်သမားတွေကို အခုလိုသဘောတူညီချက် လက်မှတ်ရေးထိုးခိုင်းခဲ့တာဖြစ်ကြောင်း ရှမ်းလယ်သမားကော်မတီက ဦးစိုင်းစံအေးက RFA ကို ပြောပါတယ်။ ဒေသခံတောင်သူတွေအနေနဲ့ သူတို့ရဲ့တောင်းဆိုချက်တွေကို အာဏာပိုင်တွေဖက်က တစုံတရာ ညှိနှိုင်းဆောင်ရွက်ပေးတာ မရှိသေးတဲ့အတွက် ခုလိုငြင်းဆန်ကြတာဖြစ်တယ်လို့ဆိုပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ နမ့်ခမ်း၊ သီပေါ၊ နမ္မတူ၊ ကျောက်မဲ၊ နောင်ချိုနဲ့ မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်တွေက လယ်သမားတသောင်းကျော်အနေနဲ့ ဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်မှုကြောင့် ဆုံရှုံးသွားတဲ့ လယ်ယာမြေတွေ ပေါက်ဈေးအတိုင်း လျော်ကြေးငွေရရှိဖို့နဲ့ ဒီစီမံကိန်းကရရှိခဲ့တဲ့ အကျိုးကျေးဇူးကို ခွဲဝေခံစားခွင့်ရရှိဖို့၊ အရည်သွေးမမှီတဲ့ ပိုက်လိုင်းတွေကို အစားထိုးပြီးမှသာ ဓာတ်ငွေ့နဲ့ ရေနံတွေလွှတ်ဖို့စတဲ့ အချက် ၆ ချက်ပါ တောင်းဆိုချက်တွေကို ဒီလ ၅ ရက်နေ့က ရှမ်းပြည်နယ်ဝန်ကြီးချုပ်ထံကို ပေးပို့ခဲ့ပါတယ်။
အဲဒီရွှေဓာတ်ငွေ့ပိုက်လိုင်းဟာ ရခိုင်ပြည်နယ်ကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ ကီလိုမီတာ ၈၀၀ ကျော်ရှည်လျားပြီး ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ မန္တလေးတိုင်းက မြို့နယ် ၆ ခုကိုဖြတ်ပြီး ဖောက်လုပ်နေတာဖြစ်ပါတယ်။
ဒေသခံတွေရဲ့ သစ်တောနဲ့ လယ်ယာ၊ ဥယျာဉ်ခြံမြေ ဧက ၂ဝဝဝ ကျော်ဟာ ဒီစီမံကိန်းဒေသအတွင်းမှာ ကျရောက်နေတယ်လို့ သိရပါတယ်။
ရွှေဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းကို တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း(CNPC)၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ရောင်းဝယ်ရေး(MOGE)တို့ ပူးတွဲလုပ်ကိုင်တာဖြစ်ပြီး အနှစ် ၃၀ ကြာ ဓာတ်ငွေ့ရောင်းချမှုအတွက် မြန်မာအစိုးရက အမေရိကန်ဒေါ်လာသန်းပေါင်း နှစ်ထောင့်ကိုးရာရရှိမယ်လို့ဆိုပါတယ်။