ရေဦးမှာ စစ်မှုထမ်းဖို့ လူရှစ်ဆယ်ခန့် ဖမ်းဆီးခံရကြောင်း ဒေသခံတွေ ပြော
စစ်ကိုင်းတိုင်း၊ ရေဦးမြို့မှာ သုံးလအတွင်း စစ်မှုထမ်းဖို့ ဖမ်းဆီးခံရသူ ရှစ်ဆယ်ခန့် ရှိပါတယ်။
-
RFA Burmese
2025-01-30 -
-
-
စစ်ကိုင်းတိုင်း၊ ရေဦးမြို့မှာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလကနေ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့အထိ သုံးလအတွင်း စစ်မှုထမ်းဖို့ ဖမ်းဆီးခံရသူ ရှစ်ဆယ်ခန့် ရှိတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ဖမ်းဆီးခံရသူတွေအထဲ မြို့ပေါ်ရက်ကွက်မှာ နေထိုင်တဲ့ စစ်မှုထမ်းအကျုံးဝင်သူတွေအပြင် အသက်မပြည့်သေးတဲ့ ကလေးတချို့လည်းပါတယ်လို့ ဆိုပါတယ်။
ဒီရက်ပိုင်းမှာပဲ ရေဦးမြို့ပေါ်က အသက် ၁၈ နှစ်အောက် ယောကျ်ားလေး ခြောက်ဦးကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးသွားတယ်လို့ အမည်မဖော်လိုတဲ့ ရေဦးမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“မြို့ပေါ်မှာ မနက်အစောပိုင်း ကလေးတွေက ပြိုင်ဘီးတွေနဲ့ စက်ဘီးစီးကြတာ။ အဲဒါကို ဖမ်းသွားတယ်။ အခုထိ ပြန်မလွတ်သေးဘူး”
ရေဦးမြို့မှာ မကြာခဏ ဖမ်းဆီးမှုတွေရှိလာပြီး အဖမ်းခံရသူတွေကို ရေဦးမြို့ အမှတ် (၁) အထက်တန်းကျောင်းဝန်းထဲမှာ စစ်ကောင်စီတပ်သားတွေက ချုပ်နှောင်ထားတယ်လို့ ဆိုပါတယ်။ အဲဒီအထဲက တချို့က ပြန်လွတ်ပေမဲ့ အများစုက ဖမ်းဆီးခံထားရဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်က ရေဦးမှာ ဗျူဟာအထိုင်ချတပ်စခန်းတစ်ခု အခြေစိုက်ထားပြီး မြိုပေါ်မှာ အခိုင်အမာရှိနေတဲ့ တပ်စခန်း ခြောက်ခုထက်မနည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်းထဲက ရေဦး၊ ခင်ဦး၊ ရွှေဘို၊ ဝက်လက်၊ စစ်ကိုင်း၊ မုံရွာ၊ အရာတော်၊ မြင်းမူ စတဲ့မြို့နယ်တွေမှာလည်း လူငယ်တွေကို ပစ်မှတ်ထား ဖမ်းဆီးနေတယ်လို့ ရေဦးအခြေပြု Peoples Defense Comrade အဖွဲ့ရဲ့ ပြန်ကြားရေး တာဝန်ခံ ထူးခန့်ဇော် က RFA ကို ပြောပါတယ်။
သူတို့ဟာ ရေဦး-ဘုတလင်-မုံရွာ-မြင်းမှု-စစ်ကိုင်း-မန္တလေး လမ်းနဲ့ ရေဦး-ရွှေဘို-ဆားတောင်-စစ်ကိုင်း-မန္တလေးလမ်းက ခရီးသည်တင်ကားတွေပေါ်မှာ ဖမ်းဆီးခံရပြီး အနည်းဆုံး လူတစ်ရာခန့်ရှိတယ်လို့ ဆိုပါတယ်။
အရပ်သားတွေ ဖမ်းဆီးခံရမှု အခြေအနေတွေနဲ့ ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူကို RFA က ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။
စစ်ကောင်စီဟာ နိုင်ငံတစ်ဝန်းက စစ်သင်တန်းကျောင်းတွေမှာ စစ်မှုထမ်းသင်တန်း အပတ်စဉ် (၉) အထိဖွင့်လှစ်ထားပြီး စစ်သင်တန်းတက်နေသူတွေအထဲ အတင်းအကျပ် ဖမ်းဆီးခံရသူတွေလည်း ပါဝင်တယ်လို့ စစ်မှုထမ်းအခြေအနေ စောင့်ကြည့်လာသူတွေက ပြောပါတယ်။
စစ်မှုထမ်းဥပဒေ အတည်ပြုပြီးနောက်ပိုင်း ဧည့်စာရင်းစစ်တာနဲ့ လမ်းသွားလမ်းလာလူငယ်တွေကို စစ်ကောင်စီက ဖမ်းဆီးခဲ့သူ နှစ်သောင်းသုံးထောင်နီးပါး (၂၂,၇၆၅ ဦး) ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဇန်နဝါရီ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။