စစ်မှုထမ်းဖို့အတွက် ရေနံချောင်းဒေသခံ လေးဆယ်ကျော် လူသစ်စုဆောင်းခံရ

ရေနံချောင်းမြို့နယ်အတွင်းမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းအမှတ်စဉ် (၆) အတွက် လူသစ်စုဆောင်းမှုတွေ ရှိနေပြီ ဒေသခံ လေးဆယ်ကျော်အထိ ဖမ်းဆီးစုဆောင်းခံခဲ့ရပါတယ်။

ရေနံချောင်းမြို့ တစ်နေရာအား ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလအတွင်းက တွေ့ရစဉ်။ Citizen Photo

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်အတွင်းမှာ အောက်တိုဘာလ ဆန်းပိုင်းကစလို့ စစ်ကောင်စီရဲ့ စစ်မှုထမ်းအမှတ်စဉ် (၆) အတွက် လူသစ်စုဆောင်းမှုတွေ ရှိနေပြီ အခုနှစ်ပတ်အတွင်းမှာ ဒေသခံ လေးဆယ်ကျော်အထိ ဖမ်းဆီးစုဆောင်းခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေနံချောင်းမြို့ပေါ်နဲ့ အနီးတစ်၀ိုက်မှာ လမ်သွားလမ်းလာတွေကို အများဆုံး ဖမ်းဆီးစုဆောင်းနေတာဖြစ်ပြီး ဖမ်းခံရသူတွေကို မကွေးမြို့ အခြေစိုက် ခမရ-၃၀၁ ကို ပို့ဆောင်ပြီး စစ်သင်တန်းပေးဖို့ ပြင်ဆင်နေတယ်လို့ လုံခြုံရေးကြောင့် အမည်ဖော်လိုတဲ့ ရေနံချောင်းမြို့ခံ တစ်ဦးက ပြောပါတယ်။

“ဖမ်းခံထားရတဲ့ အကုန်လုံးကို ခမရ-၃၀၁ ကိုပို့ထားတယ် စစ်သင်တန်းပေးဖို့လို့ပဲ သိထားတယ်။ ကျန်တာကတော့ ဘာသတင်းမှ မကြားသေးဘူး။ အများစုကတော့ ဈေးဝယ်ဖို့ မြို့တက်ရင်း၊ အလုပ်ကအပြန် အဲဒီလိုမျိုးတွေ အဆွဲခံရတာပေါ့”

ဖမ်းဆီးခံရသူတွေဟာ အသက် ၂၀ နဲ့ ၄၀ ကြားအရွယ် အမျိုးသားတွေဖြစ်ပြီး အသေးစိတ်အချက်အလက် အတိအကျကို မသိရသေးဘူးလို့ သူကပြောပါတယ်။

အခုပြောဆိုချက်တွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA ကတယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ စစ်မှုထမ်း အမှတ်စဥ်တစ်ခုကို လူ ငါးထောင်နှုန်းနဲ့ တစ်နှစ်ကို အင်အား ငါးသောင်းခေါ်မယ်လို့ အခုနှစ် ဖေဖော်ဝါရီလထဲမှာ နိုင်ငံပိုင်မီဒီယာတွေက တစ်ဆင့် ပြောထားပါတယ်။

မြန်မာနိုင်ငံမှာ ပြည်သူ့စစ်မှုထမ်းဥပဒေ အသက်သွင်းချိန်ကစလို့ စစ်မှုမထမ်းလိုတဲ့ လူငယ်တွေ ပြည်ပကို ထွက်ပြေးတိမ်းရှောင်တာ၊ ပြည်ပနိုင်ငံက အကြောင်းအမျိုးမျိုးကြောင့် ပြန်ပို့သူတွေကို စစ်မှုထမ်းခိုင်းတာ၊ စစ်မှုထမ်းထောက်ပံ့ဖို့အတွက် ငွေကြေးကောက်ခံတာ၊ လူငယ်တွေကို ဖမ်းဆီးပြီး လူသစ်စုဆောင်းတာ၊ ရှေ့တန်းစစ်မြေပြင်ကို ပို့ဆောင်တာ စတဲ့အခြေအနေမျိုးမျိုးနဲ့ ရင်ဆိုင်နေရတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org