ရှမ်းမြောက်မှာ သေဆုံးခဲ့သူ အများစုဟာ တိုက်ပွဲမရှိဘဲ ပစ်ခတ်မှုကြောင့်ဖြစ်ကြောင်း TWO ပြော
စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ရဲ့ တိုက်ပွဲနှစ်လအတွင်း ကလေး ၂၈ ဦး အပါအဝင် အရပ်သားပြည်သူ ၁၂၃ ဦးထိ သေဆုံးခဲ့ရပြီး အများစုဟာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ လေကြောင်း အသုံးပြုဗုံးကြဲခြင်းကြောင့် ဖြစ်ပါတယ်။
-
RFA Burmese
2023-12-30 -
-
-
ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ရဲ့ တိုက်ပွဲ နှစ်လအတွင်း ကလေး ၂၈ ဦး အပါအဝင် အရပ်သားပြည်သူ ၁၂၃ ဦးထိ သေဆုံးခဲ့ရပြီး အများစုဟာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ လေကြောင်း အသုံးပြု ဗုံးကြဲခြင်းကြောင့် ဖြစ်တယ်လို့ တအာင်း အမျိုးသမီး အဖွဲ့အစည်း (TWO) က ပြောပါတယ်။
သေဆုံးခဲ့တဲ့ အရပ်သားတွေဟာ တိုက်ပွဲပြင်းထန်ခဲ့တဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း ပန်ဆိုင်း၊ မုံးကိုး၊ မူဆယ်၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ ကွမ်းလုံ၊ လောက်ကိုင်၊ သိန္နီ၊ သီပေါ၊ နမ္မတူ၊ တန့်ယန်း၊ လားရှိုး၊ နမ့်ဆန်၊ မန်တုံ၊ ကျောက်မဲ၊ နောင်ချို စတဲ့ ၁၆ မြို့နယ်က ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲ ရွာတွေ၊ မြို့တွေထဲ လက်နက်ကြီး ပစ်ခတ်တာ၊ လေကြောင်း အသုံးပြု ဗုံးကြဲတာကြောင့် သေဆုံးခဲ့တာ ပိုများတယ်လို့ တအာင်း အမျိုးသမီး အဖွဲ့အစည်း ပြောရေးဆိုခွင့်ရှိသူက RFA ကို ပြောပါတယ်။
“အများပြန်ပြီးမှ ခြုံကြည့်မယ်ဆိုရင် တိုက်ပွဲနေရာ၊ တိုက်ပွဲဖြစ်နေလျက်နဲ့ ဒီလက်နက်ကြီး အသုံးပြုလို့ ထိခိုက်မှုထက် တိုက်ပွဲမဖြစ်ဘဲနဲ့ စကစတွေရဲ့ ရမ်းသမ်း ပစ်ခတ်မှုကြောင့်ပေါ့နော်၊ လူထုသေဆုံးရတာ၊ ထိခိုက်နစ်နာမှုတွေက အရမ်းများတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် စကစဘက်ကနေပြီးတော့မှ တကယ်ကို လူထုရဲ့ ထိခိုက်သေဆုံးမှုကို တစ်စက်လေးမှ ထည့်သွင်းစဉ်းစားမှု မရှိဘဲနဲ့ လူထုရှိတဲ့ နေရာဘက်ကိုပဲ ဦးတည် ရမ်းသမ်းပစ်ခတ်မှုကြောင့် သေဆုံးတာ များပါတယ်”
ရှမ်းမြောက်တိုက်ပွဲ နှစ်လတာအတွင်း ထိခိုက်ဒဏ်ရာရသူလည်း ၂၄၀ ခန့်ရှိတဲ့အပြင် လက်နက်ကြီးနဲ့ လေကြောင်း အသုံးပြု တိုက်ခိုက်မှုကြောင့် အရပ်သားနေအိမ် အပါအဝင် လမ်းတံတား၊ ဘာသာရေး အဆောက်အအုံနဲ့ ဆေးရုံ၊ စာသင်ကျောင်း အရေအတွက် ၄၆၆ လုံးထိ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
အရပ်သား သေဆုံးထိခိုက် အရေအတွက်ဟာ တအာင်း အမျိုးသမီး အဖွဲ့အစည်းက လက်လှမ်းမီသမျှ အတည်ပြု ပြုစုထားတဲ့စာရင်းဖြစ်ပြီး မြေပြင်မှာ ဒီထက် ပိုများနိုင်တယ်လို့လည်း (TWO) ပြောပါတယ်။
ဒီဇင်ဘာ ၂၉ ရက် မနေ့ ညနေကလည်း နမ္မတူမြို့နယ်၊ ချောင်းဆာအုပ်စု မန်လီရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲ ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တဲ့အတွက် ဘုန်းကြီးကျောင်းနားရှိနေတဲ့ တအာင်း အမျိုးသား ပညာရေး ကော်မတီ (TNEC) က ကျောင်းဆရာမဖြစ်သူ အသက် ၂၀ အရွယ် လွေးမေဖြိုးအိ ဗုံးစထိမှန် သေဆုံးခဲ့တယ်လို့ တအာင်း အမျိုးသမီး အဖွဲ့အစည်းက ထုတ်ပြန်ထားပါတယ်။
အခုလို တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ လေကြောင်း အသုံးပြု ဗုံးကြဲနေတာတွေဟာ စစ်ရာဇဝတ်မှု ကျူးလွန်နေတာ ဖြစ်တယ်လို့ ရှမ်း လူ့အခွင့်အရေး မဏ္ဍိုင်အဖွဲ့ ပြောခွင့်ရသူ ယိင်းလျန်ဟန်က RFA ကို ပြောပါတယ်။
“အဓိကတော့ အရပ်သား ပစ်မှတ်ပေါ့နော်။ တိုက်ပွဲမဖြစ်ပွားဘဲနဲ့ အရပ်သား ပစ်မှတ်တွေကို လေကြောင်းက ဗုံးကြဲတာ၊ မြို့ထဲတွေ အဓိက လူနေအိမ်တွေမှန်း သိရက်နဲ့ လေကြောင်းနဲ့ ဗုံးကြဲတာမျိုးတွေ ရှိနေတယ်။ နောက် သာမန်သွားလာနေတဲ့ အရပ်သားတွေကိုလည်း ပစ်ခတ်သတ်ဖြတ်နေတာတွေလည်း ရှိတယ်ရှင့်။ နောက် လက်နက်ကြီး ပစ်တာတွေလည်း ရှိတယ်။ တိုက်ပွဲလည်းမရှိဘဲ ပစ်တာ ကွတ်ခိုင်မှာဆိုရင် အများဆုံး ဖြစ်တယ်ပေါ့နော်။ အဲဒါကြောင့် ဒါတွေ စစ်ရာဇဝတ်မှု မြောက်တယ်လို့ ကျွန်မတို့အနေနဲ့ ပြောလို့ရတာပေါ့”
ဒီလို ပြောဆိုမှုတွေနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီ ရှမ်းပြည်နယ်ပြောခွင့်ရ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
ရှမ်းပြည်နယ် မြောက်ပိုင်းက တိုက်ပွဲတွေကြောင့် လက်ရှိ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူစာရင်းရရှိတာ ကိုးသောင်းကျော်ရှိနေပြီး တရုတ်နယ်စပ်နဲ့ နီးစပ်ရာ မြို့တွေဆီ ထွက်ပြေးနေကြတဲ့ အရေအတွက်နဲ့ဆိုရင် တစ်သိန်းထက်မနည်း ရှိနေပြီလို့ တအာင်း အမျိုးသမီး အဖွဲ့အစည်းက ပြောပါတယ်။