နေ့စဉ် မြန်မာနိုင်ငံသားခုနစ်ထောင်ခန့် တရုတ်နိုင်ငံထဲ ဝင်ခွင့်ရဖို့​ ကြိုးစားနေ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် နယ်စပ်ဂိတ်ကနေတစ်ဆင့် တရုတ်နိုင်ငံဘက်ကို သွားရောက်ဖို့ ကြိုးစားနေတဲ့ မြန်မာနိုင်ငံသားတွေ ပိုများလာနေပြီး နေ့စဉ် လူပေါင်း ခုနစ်ထောင်ခန့် ရှိနေပါတယ်။

မူဆယ်မြို့တွင် ယာယီနေထိုင်ခွင့် လက်မှတ်ရရန် တန်းစီစောင့်ဆိုင်းနေသူများအား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက်နေ့က တွေ့ရစဥ်။ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးကွန်ရက်

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ် နယ်စပ်ဂိတ်ကနေတစ်ဆင့် တရုတ်နိုင်ငံဘက်ကို သွားရောက်ဖို့ ကြိုးစားနေတဲ့ မြန်မာနိုင်ငံသားတွေ ပိုများလာနေပြီး နေ့စဉ် လူပေါင်း ခုနစ်ထောင်ခန့် ရှိနေတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ ပြောပါတယ်။

တရုတ်နိုင်ငံထဲ ဝင်ခွင့်ရဖို့ ကြိုးစားနေသူတွေအထဲမှာ စစ်ရေးပဋိပက္ခတွေ ပြင်းထန်နေတဲ့ လားရှိုး၊ သီပေါ၊ ကျောက်မဲနဲ့ ကွတ်ခိုင်မြို့နယ်တွေက အများဆုံးဖြစ်ပြီး စစ်ကိုင်း၊ မန္တလေးနဲ့ ရခိုင်ပြည်နယ်က ဒေသခံတွေလည်း ပါဝင်တယ်လို့ တရုတ်နိုင်ငံထဲ ဝင်ခွင့်ရဖို့ မူဆယ်နယ်စပ်ဂိတ်မှာ စောင့်ဆိုင်းနေတဲ့ လူငယ်တစ်ဦးက ပြောပါတယ်။

“အရင်ကတော့ တရုတ်ဘက်ကူးဖို့ နယ်စပ်ဂိတ်မှာ ယာယီလက်မှတ် ထုတ်လိုက်တာနဲ့ ရပြီ။ အခုက အဲဒီလက်မှတ် ထုတ်ဖို့ နေနေသာသာ လက်မှတ်ထုတ်မယ့်ရက်ကို ပေးတဲ့တုံကင်ကို တိုးမရဘူး ဖြစ်နေတယ်။ ပေးတဲ့ ပမာဏက နည်းပြီး တိုးတဲ့လူက များနေတယ်”

တရုတ်နိုင်ငံထဲမှာ တရားဝင် ခုနစ်ရက် နေထိုင်ခွင့်ရတဲ့ TBP နယ်စပ်ဖြတ်ကျော်ခွင့် လက်မှတ်ကို တရုတ်အာဏာပိုင်တွေက ယခင်က ပုံမှန် ခွင့်ပြုလက်ခံခဲ့ပေမယ့် အခုနောက်ပိုင်း ပုံမှန်ခွင့်ပြုတာ မရှိတော့တဲ့အတွက် ခွင့်ပြုမယ့်နေ့ကို စောင့်ဆိုင်းနေသူတွေ နေ့စဉ် များလာတာလို့လည်း ဆိုပါတယ်။

အဲဒီ ယာယီနေထိုင်ခွင့် လက်မှတ်တွေကို မူဆယ်မြို့နယ် ကုန်သည်ကြီးများအသင်းမှာ စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးဌာနနဲ့ တရုတ် လူဝင်မှု ကြီးကြပ်ရေးဌာန နှစ်ခုပေါင်းပြီး ထုတ်ပေးနေတာပါ။ ဒါပေမဲ့ နေ့စဉ်အလိုက် ပုံမှန်ထုတ်ပေးတာ မရှိတဲ့အတွက် မြန်မာဘက်ကနေ တရုတ်နိုင်ငံထဲ ဝင်ရောက်ဖို့ ကြိုးပမ်းနေသူတွေ အခက်အခဲ ဖြစ်နေရတယ်လို့ လက်မှတ်ထုတ်ပေးရေးမှာ ကူညီနေတဲ့ ပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“လက်မှတ်တစ်ခါ ထုတ်ပေးရင် လူ ခုနစ်ရာလောက် ပေးပါတယ်။ ဒါပေမဲ့ သူတို့က ပုံမှန် ထုတ်ပေးတာမျိုး မလုပ်ဘူး။ ပေးချင်တဲ့ရက်ကို ထပေးတာ။ အဲဒီတော့ လူတွေက ဟိုမှာရမယ်။ သတင်းကြားလိုက်၊ ဟိုကို ပြေးလိုက်။ ဒီမှာရမယ်ကြားရင် ဒီကိုပြေးလိုက်နဲ့ မူဆယ်မြို့မှာ လူအုပ်ကြီးက တရုန်းရုန်း ဖြစ်နေတာပေါ့၊ ပုံမှန်သာ နေထိုင်ခွင့်လက်မှတ် ထုတ်ပေးရင် လူတွေ များလာစရာကို မရှိဘူးလေ”

ယာယီ နေထိုင်ခွင့်လက်မှတ် ထုတ်ယူမယ့် တိုကင်နံပါတ် တစ်ခုကို ပြင်ပပေါက်ဈေး ရှစ်သိန်းအထိ ပွဲစားတွေက ရောင်းချနေတာတွေလည်း ရှိနေတယ်လို့ သူက ဆိုပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်လို့ အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံ မဖြေဆိုပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org