မန္တလေးမြို့က တရုတ်ကောင်စစ်ဝန်ရုံး ဗုံးနဲ့ တိုက်ခိုက်ခံရ

မန္တလေးမြို့၊ ၇၃ လမ်းပေါ်မှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ရုံးကို အောက်တိုဘာ ၁၈ ရက် မနေ့ ညနေ ၅ နာရီခွဲအချိန်မှာ ဗုံးနဲ့ တိုက်ခိုက်ခံရပါတယ်။

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးရှိရာလမ်းကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့က တွေ့ရစဉ်။ The Mandalay News Journal

[Update: 11: 21 PM, Oct 19, 2024]

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မင်္ဂလာမန္တလေးအနီး၊ ၇၃ လမ်းပေါ်မှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ရုံးကို အောက်တိုဘာ ၁၈ ရက် မနေ့ ညနေ ၅နာရီ ခွဲအချိန်မှာ ဗုံးနဲ့ တိုက်ခိုက်ခံရတယ်လို့ မန္တလေးမြို့ခံတွေက RFA ကို အောက်တိုဘာလ ၁၉ ရက် ဒီနေ့ပြောပါတယ်။

တိုက်ခိုက်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်က ၇၃ လမ်းကို လမ်း ၁၀၀ (သိပ္ပံလမ်း) ကစပြီး မင်္ဂလာမန္တလေး အနီးအထိ ပိတ်ဆို့ကာ စစ်ဆေးမှုတွေ လုပ်ခဲ့တယ်လို့ မန္တလေးမြို့ခံ တစ်ဦးက RFA ကို ပြောပါတယ်။

"ဖြစ်စဉ်ကတော့ဟုတ်တယ်။ ပြောရမယ်ဆိုရင် အဲဒီလမ်းက လုံခြုံရေးလည်း တင်းကျပ်ထားတာ ဒီလိုမျိုး လွယ်လွယ်နဲ့ ဝင်ဖို့မလွယ်တဲ့လမ်း၊ ဌာနဆိုင်ရာရုံးအများကြီးရှိတယ်။ လုံခြုံရေးလည်း တင်းကျပ်ထားတဲ့ အနေအထားကြီးမှာ မြို့ပြ ပြောက်ကျားပုံစံလုပ်တာမဟုတ်ဘူး”

မန္တလေးမြို့က တရုတ်ကောင်စစ်ဝန်ရုံးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်တဲ့အခါ ဖြေကြားဖို့ မဖြစ်နိုင်တဲ့အကြောင်းနဲ့ အီးမေးလ်နဲ့ ဆက်သွယ် မေးမြန်းဖို့ ဖုန်းလက်ခံဖြေကြားသူက ပြောပါတယ်။

ဒါ့ကြောင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနဲ့ ကောင်စစ်ဝန်ရုံးကို RFA က အီးမေးလ်ကနေတစ်ဆင့် ဆက်သွယ်မေးမြန်းထားပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA ကတယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိသေးပါဘူး။

စစ်တပ်အာဏာသိမ်းပြီးနောက် တရုတ်ဟာ စစ်ကောင်စီနဲ့ ပူးပေါင်းနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တော်လှန်ရေးအင်အားစုတွေက ကန့်ကွက်သလို စစ်ကောင်စီရဲ့ နယ်မြေဆုံးရှုံးမှုတွေမှာ တရုတ်က ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ စစ်ကောင်စီတပ် ထောက်ခံသူတွေကလည်း ဆန့်ကျင်မှုတွေရှိနေပါတယ်။

လက်ရှိမှာ မန္တလေးမြို့ တရုတ်ကောင်စစ်ဝန်ချုပ်ဟာ မစ္စ ကောင်းဖျင် ဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ စစ်ကောင်စီက တရုတ်ကောင်စစ်ဝန်ရုံးတာဝန်ရှိသူတွေနဲ့ပူးပေါင်းကာ ပေါက်ကွဲတဲ့အကြောင်းအရင်း စိစစ်နေသလို၊ ကျူးလွန်သူတွေကို ဖမ်းဆီးနိုင်ဖို့ စုံစမ်းစစ်ဆေးနေပြီး လုံခြုံရေးတိုးမြှင့်ထားတယ်လို့ အောက်တိုဘာ ၁၉ ရက်ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

တိုက်ခိုက်မှုကြောင့် အမိုးနှစ်ပေခန့် ပျက်စီးခဲ့ပေမဲ့ အထိအခိုက်မရှိဘူးလို့လည်း စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

(မှတ်ချက်။ ။ စစ်ကောင်စီထုတ်ပြန်ချက်ကို ဖြည့်စွက်ဖော်ပြထားပါသည်။)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org