စစ်တပ်ပြိုလဲမှာ မလိုလားကြောင်း တရုတ်အထူးကိုယ်စားလှယ်ပြောတယ်ဆိုတဲ့ အစည်းအဝေးမှတ်တမ်းပေါက်ကြား

ပြီးခဲ့တဲ့ ဩဂုတ်လက တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ တွေ့ဆုံစဉ်က အစည်းအဝေးမှတ်တမ်း ပေါက်ကြားခဲ့တာဖြစ်ပါတယ်။

၂ဝ၂၂ ခုနှစ်အတွင်းက မြန်မာနိုင်ငံသို့ လာရောက်သည့် ခရီးစဉ်အတွင်း တွေ့ရသည့် တရုတ်အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီးကျွင်း (Deng Xijun)။ Myanmar Military

မြန်မာပြည်မှာ စစ်တပ်ပြိုကျပြီး အနောက်နိုင်ငံတွေနဲ့ နီးစပ်တဲ့ NUG နဲ့ PDF တွေ အနိုင်ရသွားမှာကို တရုတ်က လုံးဝလက်ခံမှာမဟုတ်ကြောင်း နဲ့ လက်နက်ကိုင်အဖွဲ့တွေကို လက်နက်မရောင်းဖို့ “ဝ” ခေါင်းဆောင်တွေကို တရုတ်အထူးကိုယ်စားလှယ်က ဖိအားပေးပြောဆိုခဲ့တယ်လို့ အခုရက်ပိုင်း ပေါက်ကြားလာတဲ့ အစည်းအဝေးမှတ်တမ်းတစ်ခုက ဖော်ပြပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်းနဲ့ “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိပ်ပိုင်းခေါင်းဆောင်တွေ ပြီးခဲ့တဲ့ ဩဂုတ်လက တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ တွေ့ဆုံစဉ်က အစည်းအဝေးမှတ်တမ်း ပေါက်ကြားခဲ့တာဖြစ်ပါတယ်။ အဲဒီတွေ့ဆုံမှု မှန်ကန်ကြောင်းနဲ့ ဖိအားပေးတာ မှန်ကန်ကြောင်း "ဝ" တပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက RFA ကို အတည်ပြုပြောပေမဲ့ အသေးစိတ်ကိုတော့ မပြောပါဘူး။

ပေါက်ကြားလာတဲ့ မှတ်တမ်းအရ မြန်မာစစ်တပ်ဟာ မြန်မာနိုင်ငံကို ထူထောင်ထားသူဖြစ်ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ ဒါမှမဟုတ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီက စစ်တပ်ကို အစားထိုးဝင်ရောက်လို့ မရနိုင်ကြောင်း၊ စစ်တပ်ပြိုကျပြီး အနောက်နိုင်ငံတွေနဲ့ နီးစပ်တဲ့ NUG နဲ့ PDF တွေ အနိုင်ရသွားမှာကို တရုတ်က လုံးဝလက်ခံမဟုတ်ကြောင်း တရုတ်အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်းက “ဝ” ခေါင်းဆောင်တွေကို ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကိုးကန့်တပ်ဖွဲ့ (MNDAA) နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) အပါအဝင် တခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေကို လက်နက်ခဲယမ်းမရောင်းဖို့ “ဝ”တပ်ဖွဲ့ကို ဖိအားပေးခဲ့တာလည်း အစည်းအဝေးမှတ်တမ်းမှာ တွေ့ရပါတယ်။

တစ်ဆက်တည်းမှာပဲ ကိုးကန့်တပ်တွေ လားရှိုးမြို့က မဆုတ်သရွေ့ ကိုးကန့်ဒေသကို ပိတ်ဆို့ထားတာ ရုပ်သိမ်းပေးမှာ မဟုတ်တဲ့အပြင် ပိုပြင်းထန်တဲ့ အရေးယူမှုတွေ ဆက်လုပ်သွားမယ်လို့ မစ္စတာတိန့်ရှီကျင်းက ပြောကြားခဲ့တယ်လို့လည်း ဆိုပါတယ်။

အဲဒီအစည်းအဝေးကို UWSA ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း၊ ဒုတိယအထွေထွေအတွင်းရေးမှူး ဦးပေါက်အိုက်ခမ်းနဲ့ ဗဟိုကော်မတီရုံး ဒုတိယဌာနကြီးမှူး မောဇစ်ရုန်တို့ တက်ရောက်ခဲ့တာပါ။

ပေါက်ကြားလာတဲ့ အစည်းအဝေးမှတ်တမ်းပါ အသေးစိတ်အချက်အလက်တွေနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကလည်း ဒါနဲ့ပတ်သက်လို့ ထုတ်ပြန်တာ မရှိသေးပါဘူး။

စက်တင်ဘာလအတွင်းမှာတော့ MNDAA က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပူးပေါင်းမှာ မဟုတ်ဘူးလို့ တရားဝင်ထုတ်ပြန်ကြေညာခဲ့ပြီး မြန်မာ့အရေး တရုတ်နိုင်ငံက ကြားဝင်စေ့စပ်ပေးဖို့ တောင်းဆိုထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org