တရုတ်နိုင်ငံကို သစ်သီးတင်ပို့တဲ့ ကျင်စန်းကျော့ဂိတ် ပြန်ဖွင့်

မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို ဖရဲနဲ့ သခွား သစ်သီးတွေတင်ပို့နေတဲ့ မြန်မာ-တရုတ်နယ်စပ် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အတွင်းမှာရှိတဲ့ ကျင်စန်းကျော့ဂိတ်ကို နှစ်ပတ်ကြာ ပိတ်ထား ခဲ့ရာကနေ ဒီနေ့မနက်မှာ ယာယီ ပြန်ဖွင့်ပေးလိုက်ပြီလို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

တရုတ်နိုင်ငံကိုပို့မယ့် ဖရဲသီးတင်ထားတဲ့ကားတွေကို တွေ့ရစဉ်

မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို ဖရဲနဲ့ သခွား သစ်သီးတွေတင်ပို့နေတဲ့ မြန်မာ-တရုတ်နယ်စပ် မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်အတွင်းမှာရှိတဲ့ ကျင်စန်းကျော့ဂိတ်ကို နှစ်ပတ်ကြာ ပိတ်ထားခဲ့ရာကနေ ဒီနေ့မနက်မှာ ယာယီ ပြန်ဖွင့်ပေးလိုက်ပြီလို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဒီကျင်စန်းကျော့လမ်းကြောင်းကို နှစ်နိုင်ငံအစိုးရတာဝန်ရှိသူတွေက တရားမဝင်ကုန်သွယ်ရေး လမ်းကြောင်းဆိုပြီး ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ နောက်ဆုံးပတ်က ပိတ်ခဲ့အပြီး ပြန်ဖွင့်ပေးဖို့ တောင်းဆိုမှုတွေ ပေါ်ပေါက်ခဲ့ပြီးနောက် မှာ အခုလို ပြန်ဖွင့်ပေးလိုက်တာဖြစ်ပါတယ်။

တရားဝင်ဂိတ်ဖွင့်နိုင်ဖို့အတွက်ကို တရုတ်နိုင်ငံနဲ့ နှစ်နိုင်ငံ သံတမန်နည်းလမ်းကနေ ဆက်လက်ဆွေးနွေး ညှိနှိုင်းဆောင်ရွက်နေတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးရန်နိုင်ထွန်းက RFA ကို ပြောပါတယ်။

ကျင်စမ်းကျော့ဂိတ်ကို စစ်ဆေးဖြတ်သန်းခွင့်ပြုမယ့်အချိန်ကိုလည်း အရင် လေးနာရီခွင့်ပြုရာကနေ ခြောက်နာရီထိ တိုးမြှင့်ခွင့်ပြုပေးသွားမယ်လို့လည်း စီးပွားကူးသန်းဝန်ကြီးဌာနက သိရပါတယ်။

ကျင်စန်းကျော့ဂိတ်ပိတ်ခဲ့တဲ့အတွက် ဖရဲ၊ သခွားကုန်သည်တွေ ဆုံးရှုံးနစ်နာမှုတွေရှိခဲ့တဲ့အတွက် ဂိတ်အမြန်ပြန် ဖွင့်ပေးဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃ ရက်နေ့က မြန်မာနိုင်ငံ ဖရဲ၊ သခွား စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းက စီးပွားကူးသန်းပြည်ထောင်စုဝန်ကြီးကို တွေ့ဆုံ တောင်းဆိုခဲ့ကြတာပါ။

အဲဒီနောက် ဇန်နဝါရီ ၇ ရက်နေ့မှာတော့ စီးပွားကူးသန်းဝန်ကြီး အပါအဝင် ကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေး ဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ တရုတ်နိုင်ငံက တာဝန်ရှိသူတွေ ကျင်စမ်းကျော့ နယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်ရေး ကိစ္စ နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ဒီနေ့မှာ ကျင်စမ်းကျော့ဂိတ်ကို ပြန်လည်ဖွင့်ပေးခဲ့တာဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မသက်စုအောင် ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org